Pages

Friday 31 August 2012

လွှမ်းခြုံစဉ်းစားရမည့် ကားမူဝါဒ

လွှမ်းခြုံစဉ်းစားရမည့် ကားမူဝါဒ

Written by 

အသက် ၅၀ အရွယ် ဒေါ်မီးမီး သတင်းစာကို ဖတ်နေရာမှ ဟက်ဟက်ပက်ပက် ရယ်မော လိုက်သံသည် အတော်လေး ကျယ်သွားသည်။ ခင်ပွန်းဖြစ်သူ ဦးဝင်းက ဘာတွေများ သဘောကျ နေတာလဲဟု မေးမြန်းလိုက်စဉ် ကြေးမုံ သတင်းစာပါ တစ်ကွက် ကာတွန်း ဖြစ်သည့် သွားမပါရင်နေ ကားပါရင် ပြီးရောဆိုသည့် ကာတွန်းရုပ်ပြောင်ကြောင့် ဖြစ်သည်ဟု ဆိုသည်။
လူငယ်များအကြား ပြောဆိုနေကြသော သွားမပါလည်းနေ ကားပါရင်ရသည် ဆိုသော စကားသည် ကားဈေးများ တစ်ဟုန်ထိုး ကျဆင်းလာမှုကြောင့် ပြောင်းလဲ သွားခဲ့သည်။
မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီကို ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးက ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့ပြီးနောက် ယာဉ်အိုယာဉ်ဟောင်း အပ်နှံ၍ အစားထိုးယာဉ် တင်သွင်းခြင်း၊ ပြည်ပတွင် အလုပ်လုပ်သူများ၊ သင်္ဘောသားများနှင့် နိုင်ငံခြား ငွေစာရင်း ရှိသူများနှင့် ပြည်ပမှ ကိုယ်တိုင် ၀ယ်ယူရန် ခက်ခဲသူများ ပြည်တွင်း၌ပင် အလွယ်တကူ ၀ယ်ယူ နိုင်ရန်အတွက် မော်တော်ယာဉ် အရောင်းစင်တာများ ဖွင့်လှစ် လာကြသည် ကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။

အများပြည်သူများ သွားလာမှု အဆင်ပြေစေရေး အတွက် Taxi များ၊ ခရီးသည် သယ်ယူပို့ဆောင်ရေး City Bus များကို အလွယ်တကူ ၀ယ်ယူ တင်သွင်းနိုင်အောင် ဆောင်ရွက် ပေးထားသကဲ့သို့ ကုန်စည် ပို့ဆောင်ရေး အတွက် လိုအပ်သော Truck ကားများကိုလည်း လွတ်လပ်စွာ တင်သွင်း ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ ထိုကဲ့သို့ တင်သွင်း ခွင့်ပြုရာတွင် အခွန်များကိုလည်း လျော့နည်း သက်သာစေရေး အတွက် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန၊ ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနတို့ နှင့် ညှိနှိုင်း ဆောင်ရွက် ပေးလျက် ရှိကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း က သြဂုတ်လ ၆ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ထည့်သွင်း ပြောကြားခဲ့သည်။

ပူဖောင်းကွဲ ကားဈေးကွက်


နိုင်ငံတကာတွင် ကားဆိုသည်မှာ ၀ယ်ထားပြီးလျှင် တန်ဖိုး လျော့ကျ သွားလေ့ ရှိသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့် မတူကွဲပြားစွာ ကားဆိုသည် ၀ယ်ထားလျှင် ကျိန်းသေ အမြတ်ရခဲ့သော ခေတ်တစ်ခေတ် ရှိခဲ့ကြောင်း ကားဝယ်ရောင်း များက ဆိုသည်။
ယခု ကားတင်သွင်းသည့် မူဝါဒ ဖြေလျှော့မှုများကြောင့် ကားဈေးနှုန်းများသည် ထူးထူးကဲကဲ ကျဆင်းခဲ့သည်။ ဥပမာအနေဖြင့် မြန်မာကား ဈေးကွက်တွင် လူကြိုက်များ ကျော်ကြားသည့် ရွှေငါး (Toyota Mark II မော်ဒယ်လ်) သည် ၂၀၀၄ ခုနှစ် စတင်တင် သွင်းစဉ်က ကျပ်သိန်း ၁၈၀၀ ခန့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီးနောက် ပိုင်း ၉ခ/----တွင် သိန်း ၂၀၀၀ အထိပေါက်ခဲ့သည်။ ၁ဂ လေလံကားများတွင် သိန်း ၁၂၀၀ အထိသာ ကျဆင်းသေးသော်လည်း ၂ဂ အရောက်တွင် ဈေးစတင် ကျဆင်း လာသည်။ ၃ဂ တွင် သိန်း ၁၀၀၀၊ ၄ဂ တွင် သိန်း ၉၅၀ နှင့် မူဝါဒသစ်တွင်မူ သိန်း ၄၂၀ အထိ ကျဆင်း ပြီး ယခုလက်ရှိတွင် သိန်း ၂၂၀ ခန့်သာ ရှိတော့သည်ဟု ယာဉ်အကျိုးဆောင် အတွေ့အကြုံ နှစ် ၂၀ ကျော်ရှိ ဦးကျော်စွာက ပြောကြားသည်။

မော်ဒယ်လ်မြင့်ကား ပြုပြင် ထိန်းသိမ်းခြင်း


ကားဟောင်းအပ်၍ တင်သွင်းလာသော မော်တော်ယာဉ်များမှာ ၂၀၀၀ အထက် မော်ဒယ်လ်များဖြစ်ပြီး ၂၀၁၂ အထိ နောက်ထုတ် နည်းပညာ အဆင့်မြင့် အီလက်ထရွန်နစ် စစ်စတန်များကို အသုံးပြု ထားသည့် ကားများ ဖြစ်သည့်အတွက် အင်ဂျင်ပိုင်းကို ပြုပြင်ရာတွင် ဆော့ဖ်ဝဲလ်များဖြင့်သာ ပြုပြင်ရမည်ဖြစ်သောကြောင့် ဆော့ဖ်ဝဲလ် အကြောင်း နားလည်ထားရမည် ဖြစ်သည်။ ထိုကဲ့သို့ ပြုပြင်နိုင်ရန် အတွက် လက်ရှိ ရှိနှင့် နေပြီးသော ကားဝပ်ရှော့များတွင် ကျွမ်းကျင်စွာ ကိုင်တွယ် ပြင်ဆင်တတ်ရန် အတွက် စက်ပြင်သင်တန်းများ ဖွင့်၍ သင်ကြား ပေးရန် လိုအပ်ပါသည်။
ထိုကဲ့သို့သော အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရန်အတွက် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ဂျပန်နိုင်ငံမှ စက်မှု အင်ဂျင်နီယာ များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံမှ လူငယ်များကို မော်တော်ယာဉ် စက်ပြင်သင်တန်း ပို့ချပေးမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြားထားရာ ပြည်ပ မှ ရောက်ရှိလာသော မော်ဒယ်လ်မြင့်မော်တော်ယာဉ်များအတွက် လက်ရှိ မော်တော်ယာဉ်ပြုပြင်သည့်လုပ်ငန်းများကို အဆင့်မြင့်စက်ပြင် အလုပ်ရုံများအဖြစ် အသွင်ပြောင်းမြင်တွေ့ရတော့မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Hybrid (စပ်ပေါင်းကား)


Hybrid မော်တော်ယာဉ်များမှာ High Voltage မြင့်မားသည့် အတွက် ကျွမ်းကျင်စွာ မကိုင်တွယ်နိုင်ပါက စက်ပြင်သူများအတွက် သာမက ယာဉ်မောင်းများ အတွက်ပါ သက်အန္တရာယ်နှင့် ကြုံတွေ့ ရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ နည်းပညာ တိုက်ရိုက် ရယူထားသော တိုယိုတာ ဆားဗစ် စင်တာမှ စက်ပြင် အင်ဂျင်နီယာ ဦးဟန်ရှိန်က ပြောဆိုသည်။
“အခုဝင်လာတဲ့ Hybrid ကားတွေကို ကျွန်တော်တို့ ကိုင်ခွင့်မရှိ ဘူး။ ဘာလို့လဲ ဆိုရင် ဂျပန်နိုင်ငံကကို နည်းပညာ ပေးမထားဘူး။ သူတို့ပြောတာ ရှင်းရှင်းလေးရယ်၊ လူ့အသက်ထက် ဘာမှ တန်ဖိုးမရှိ ဘူးဆိုတာပဲ” ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်တွင် ယင်း Hybrid ကားနည်းပညာမှာ လျှပ်စစ်နှင့်ဓာတ်ဆီကို တစ်လှည့်စီ သုံးကာ မောင်း၍ရသဖြင့် ဆီစား သိသိသာသာ သက်သာခြင်း အားသာချက်ရှိပြီး ဒီဇိုင်း ဆန်းသစ်ခြင်း တို့ကြောင့် လူကြိုက်များခဲ့သည့် စာရင်းထဲတွင် ပါဝင်ခဲ့သည်ကို တွေ့ရသည်။
“Hybrid ကားတွေထုတ်တဲ့ ရည်ရွယ်ချက်က ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု သက်သာ စေချင်တဲ့ အချက်ကြောင့် ထုတ်ကြတာ။ ဒါပေမဲ့ ဂျပန်လို ထုတ်လုပ်တဲ့ နိုင်ငံမှာတောင် အဆင်မပြေသေးဘူး” ဟုလည်း ဦးဟန်ရှိန်က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် ရှိသော မော်တော်ယာဉ် ပြုပြင်ရေး လုပ်ငန်းများ မှာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ပြုပြင် နေကြသကဲ့သို့ စက်ပြင်ဆရာ များမှာလည်း လက်ဆင့်ကမ်း လာသည့် လက်တွေ့ လုပ်ဆောင်မှုများ သာ ရှိနေသေးသည့် အတွက် မော်တော်ယာဉ် ပိုင်ရှင်များမှာလည်း ယင်းအလုပ်ရုံ များကိုသာ အားထားနေရသည်။
ယခုကဲ့သို့ အဆင့်မြင့် မော်တော်ယာဉ်များ ၀င်ရောက်လာချိန် တွင် ယင်းအလုပ်ရုံများမှာ လက်တွေ့တွင် အသုံးမ၀င်နိုင်တော့ ကြောင်း ပြည့်ဖူးဝေဆာ မော်တော်ကား အရောင်းစင်တာမှ ဒါရိုက်တာ ဦးကောင်းမြတ်ဟိန်းက ရှင်းပြသည်။ “အခုထိတော့ အသစ်ဝင်လာတဲ့ ကားတွေကို စနစ်တကျ ပြုပြင်နိုင်သေးတဲ့ အလုပ်ရုံက လက်ငါးချောင်း ပြည့်အောင် မရှိသေးဘူး။ Hybrid ကားတွေဆို ပိုဆိုးတာပေါ့” ဟု ၎င်းကဆိုသည်။
ယင်းသို့ ဆိုလျှင် အသစ်ဝင်ရောက်လာသော မော်တော်ယာဉ် များအတွက် အဆင့်မြင့် မော်တော်ယာဉ် ပြုပြင်သည့် အလုပ်ရုံများ လိုအပ် လာသကဲ့သို့ လက်ရှိ ပြည်တွင်း၌ ရှိနေနှင့်ပြီးသော အလုပ်ရုံ များအနေဖြင့်လည်း ခေတ်နှင့် အမီ လိုက်နိုင်ရန် အတွက် ကျွမ်းကျင်သည့် အလုပ်သမား များလည်း လိုအပ်လာမည် ဖြစ်သည်။

ယာဉ်ကြောစနစ်နှင့် ယာဉ်ကိုက်ညီ ရန်လို


မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံ သည် ၁၉၇၉ နောက်ပိုင်းမှ စ၍ အများပြည်သူ လူထုအား မော်တော် ယာဉ်တင်သွင်း ခွင့်ပြုခဲ့ကြောင်း၊ ယင်းအချိန်ကတည်းက ညာမောင်းများ ပေးမသွင်း သင့်ကြောင်း၊ တစ်ပတ်ရစ် ကားများ ပေးသွင်းခဲ့စဉ် ကပင် ညာမောင်း သွင်းလာပါက ဘယ်မောင်း ပြောင်းပြီးမှသာ လမ်းပေါ် တက်မောင်း ခွင့်ပြုမည်ဟု တိတိကျကျ ကိုင်တွယ်ခဲ့သင့်ကြောင်း၊ မြန်မာနိုင်ငံတွင် စနစ်များ၊ ဥပဒေများကို နှစ်မျိုး ကျင့်သုံးခဲ့သည်မှာ ယနေ့အထိ မပြုပြင်နိုင်သော အခြေအနေကြောင့် ၁၉၈၉ ခုနှစ် အစိုးရ အသစ်ကလည်း ဘယ်မောင်း အသစ်များသာ တင်သွင်းရမည်ဟု အမိန့်ကြေညာစာ ထွက်ခဲ့ဖူးကြောင်း၊ ဘယ်၊ ညာမခွဲဘဲ တင်သွင်းခွင့် ပြုမည်၊ လမ်းပေါ်တွင် ဘယ်မောင်းပြောင်း၍ မောင်းရမည်ဟု သတ်မှတ်ပေးပြီး 2nd hand တစ်ပတ်ရစ်ယာဉ် ၁၀ နှစ်အတွင်း Model များကို တင်သွင်း ခွင့်ပြုမည် စသည်ဖြင့် အခြား အာဆီယံနိုင်ငံများ လုပ်ကိုင်သည့် အတိုင်း ဘာကြောင့် မလုပ်ချင်ခဲ့သည်ကို နားမလည် နိုင်ဖြစ်ခဲ့ရသည်ဟု Sakura ကားများ တင်သွင်းလျက် ရှိသူ ဦးဌေးအောင် ကဆိုသည်။
ယခုလည်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ မော်တော်ယာဉ် ဖျက်သိမ်းစဉ်ကပင် ဘယ်မောင်း ၁၀ နှစ်အတွင်း ကားများသာ တင်သွင်းရမည် သို့မဟုတ် ညာမောင်းများ တင်သွင်းလာပါက ဘယ်မောင်း ပြောင်းပြီးမှသာ လမ်းပေါ်တွင် မောင်းနှင် ခွင့်ပြုမည်ဆိုပါက ယခုကဲ့သို့ ညာမောင်းများ များလာစရာ မရှိဟု ၎င်းက ထောက်ပြ ပြောဆိုသည်။
အမေရိကန် ပြည်ထောင်စု၊ ဥရောပနှင့် အရှေ့အလယ်ပိုင်း အာရပ်စော်ဘွားများ ပြည်ထောင်စု စသော နိုင်ငံများတွင် ဘယ်မောင်း တစ်ပတ်ရစ် ယာဉ်များကို ဈေးသက်သာစွာ ၀ယ်ယူ၍ ရကြောင်း၊ ယခင်က ဥရောပမှလည်း ၀ယ်သွင်း ခဲ့ကြကြောင်း ယခုလည်း အချို့ဝယ်သွင်းနေကြပြီး အမှန်တကယ် $ ၅၀၀၀ နှင့် သွင်းလာသော်လည်း အကောက်ခွန် သတ်မှတ် ဈေးကြီးနေ၍ ရောင်းရ ခက်နေသည့် ကုမ္ပဏီများ ရှိသည်ဟု ကားတင်သွင်းသူ တချို့ထံမှ စုံစမ်း သိရှိရသည်။

ဥရောပကခရီးသည်ယာဉ်များ

ယခုလည်း ခရီးသည်တင်ကားများကို ၂၀၀၇ မော်ဒယ်လ် အထက် ဘယ်မောင်းသာ သွင်းရမည်ဟု သတ်မှတ်ထားပြီး ၂၀၀၂ မော်ဒယ်လ်အထိ Truck ကားများနည်းတူ လျှော့ပေါ့ပေးရန် တင်ပြ ခဲ့ကြောင်း၊ ၂၀၀၂ Model အထက် တစ်တန်နှင့်အထက် ညာမောင်း ကားများ အရေအတွက် အကန့်အသတ် မရှိ သွင်းခွင့်ပြုထားကြောင်း၊ မည်သည့် ရည်ရွယ်ချက်ကြောင့် မသိကြောင်း၊ Bus များကို ၂၀၀၂ Model သို့ ပြန်ချပေးရန် ယနေ့အထိ မဖြစ်မြောက် သေးကြောင်းကို ဥရောပမှ Ranal ကားများ၊ မာစီးဒီးကားကို ဈေးပေါပေါနှင့် ၀ယ်လို့ ရနိုင်ကြောင်း ယခု ၀ယ်ယူ တင်သွင်းနေရသော ဂျပန်ဈေးနှုန်းများ ထက်ပင် သက်သာနေကြောင်း ဆာကူရာ ဦးဌေးအောင်က ဆိုသည်။ Toyota, Nissan စသော ဂျပန်ကားငယ် များလည်း ဥရောပတွင် ဈေးသက်သာစွာ ၀ယ်၍ရနေသည်ဟု ၎င်းကဆိုသည်။ “ယာဉ်ကြော စနစ်နှင့် ယာဉ်မောင်းစနစ် ပြောင်းပြန်ဖြစ်နေသောကားတွေ ၉၅ ရာခိုင်နှုန်းလောက်ဖြစ်နေတော့ ယာဉ်ကြော စနစ်ကိုပြင်မလား၊ ယာဉ် မောင်းစနစ်ကို ပြင်မလား” ဟု ၎င်းက အကြံပြုပြောဆိုသည်။

မူဝါဒကောင်းသာလိုကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ သွင်းကုန်ထုတ်ကုန် ဌာန၏ ဈေးနှုန်း ကန့်သတ်ထားရှိမှုများအား လည်းကောင်း၊ ဈေးနှုန်းသတ်မှတ်ရေး ကော်မတီ၏ ဈေးနှုန်း သတ်မှတ်မှုများအား လည်းကောင်း အချိန် နှင့်တစ်ပြေးညီ ပြင်ဆင် သတ်မှတ် ဆောင်ရွက်သင့်သည်ဟု ဆာကူရာ ဦးဌေးအောင်က ကားတင်သွင်းသည့် မူဝါဒနှင့် ပတ်သက်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသို့ အကြံပြု တင်ပြခဲ့သည်။
“မော်တော်ယာဉ်တင်သွင်း ခွင့်ပြုတဲ့ မူဝါဒက ရေရှည် တည်တံ့တဲ့ မူဝါဒအသစ်ပါ။ အမိန့်ညွှန်ကြားချက်တွေ အနေနဲ့ ထုတ်ပြန်တာ မဟုတ်ပါဘူး” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက သြဂုတ်လ ၆ ရက်တွင်ကျင်းပ သည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ ပြောကြားထားသည်။
လူနည်းစုသော စီးပွားရေး လုပ်ငန်းရှင်များအတွက် အကျိုး ထိခိုက်မှု ရှိခဲ့သော်လည်း ပြည်သူ အများစုအတွက် အကျိုးခံစားမှု ရရှိခဲ့သကဲ့သို့ နိုင်ငံ၏ Image လည်း တက်လာခဲ့သည်ဟု လည်း ၎င်း၏ ပြောကြားချက် အရ သိရသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ ကားမူဝါဒသည် ရှင်းလင်းရန် လိုအပ်ကြောင်း၊ ပြည်သူများ ဈေးနှုန်း ချိုသာစွာ ကားစီးနိုင်ရေးကို ဦးစားပေးမည်လား၊ စက်မှုဖွံ့ဖြိုးရေး အတွက် ပြည်တွင်းကား ထုတ်လုပ်မှုကို ဦးစားပေးမည်လား ရှင်းလင်း ရန်လိုကြောင်း မလေးရှားနိုင်ငံ တက္ကသိုလ်တစ်ခုတွင် ပြည်သူ့ရေးရာ မူဝါဒ ဘာသာရပ်နှင့် မဟာဘွဲ့ရသူ တစ်ဦးက အကြံပြု ပြောဆိုသည်။
“ပြည်သူတွေ ဈေးသက်သက် သာသာနဲ့ ကားစီးစေချင်ရင် အခွန် တွေ လျှော့ပေးလိုက်။ စက်မှု ဖွံ့ဖြိုး တိုးတက်စေချင်ရင်တော့ ပြည်ပ ကားကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံမှုတွေ ဖွင့်ပေးပြီး ကားတင်သွင်း တာကို တင်းကျပ်လိုက်” ဟု ၎င်းကအကြံပြုပြောဆိုသည်

No comments: