Pages

Tuesday 30 October 2012

အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ရှိသည့်သူများ ဖတ်ရန်အတွက်

အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ရှိသည့်သူများ ဖတ်ရန်အတွက်။

-
အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ရှိသည့်သူများ ဖတ်ရန်အတွက်။
ကိုယ်ကျင့်သီလဟာ အသက်ရှင်နေခြင်းထက် ပိုအရေးကြီးတယ်ဆိုတာကို နားမလည်ကြတဲ့ လူတွေရဲ့ ပါးစပ် ဖျားမှာ ရေပန်းစား နေတဲ့ အူမတောင့်မှသီလစောင့်နိုင်မယ် ဆိုတဲ့စကားကို ကျွန်တော်နားယဉ်ခဲ့တာ ကြာပါပြီ။ သောက်စရာရေမရှိ လို့ မိုးခါးရေသောက်ကြရသလို အသက်အသေခံ၊ ဆင်းရဲဒုက္ခခံပြီး သီလမစောင့် နိုင်ကြ တာကို လောကီအမြင်နဲ့ ကြည့်ရင်တော့ အပြစ်မဆိုသာဘူးပေါ့။

အသက်ရှင်ရပ်တည်ရေးအတွက် လူ့ကျင့်ဝတ်တွေအကုန်လုံးကို မစောင့်ထိန်းနိုင်ပါဘူးလို့ဆိုရင် တတ်နိုင်တဲ့ ကျင့်ဝတ်တွေကို ကြိုးစားပြီးစောင့်ထိန်းသင့်ပါတယ်။ တစ်ပါးသီလလောက် ဖြစ်ဖြစ်ပေါ့။ တစ်ပါးသီလ ဆိုတဲ့ ဇာတ်လမ်းကို မြန်မာ့ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ မကြာခဏ ထုတ်လွှင့်ခဲ့တာကို နားထောင်ဖူး၊ ကြည့်ဖူးတဲ့သူ တွေ ရှိမှာပါ။ မသိလိုက်တဲ့သူတွေအတွက်  မှတ်မိသလောက် ပြန်ပြောပြချင်ပါတယ်။ ဇာတ်တော်တခုခုကို အခြေခံထားတာလားတော့ သေချာမသိပါဘူး။ ဘဘဦးသုခ ရိုက်ကူးခဲ့တာလို့တော့ သိရပါတယ်။ ဇာတ်လမ်းက ဒီလိုပါ။ ရဟန်းတော်တပါးက သူခိုးတယောက်ကို ငါးပါးသီလလုံဖို့ အရေးကြီး ကြောင်းဆုံးမတော့ သူခိုးက အမျိုးမျိုး လျှောက်လွဲချက်တွေပေး ပါတယ်။ သူခိုးတယောက်အနေနဲ့ ရရာခိုး စားနေရတဲ့အတွက် သူ့အသက် သတ်ခြင်းကို ရှောင်နိုင်မှာမဟုတ်သလို၊ အမြဲတမ်းလိမ်ညာ ပြောဆိုရမှာဖြစ် လို့ သီလစောင့်ဖို့ မဖြစ်နိုင်ကြောင်း လျှောက်ပါတယ်။ ရဟန်းတော်ကလည်း အလျှော့မပေးပဲ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ဖြစ်တဲ့ သူတပါးအိမ်သူ (အိမ်သား)နဲ့ ကျူးလွန်ခြင်း၊ မိမိအိမ်သူ(အိမ်သား)မှတပါး သူတပါးဇနီးမယား သမီးပျိုများကိုကျူးလွန်ခြင်းမှ ရှောင်ကြဉ်ပါဧ။် ဆိုတဲ့သီလတစ်ပါးကိုတော့ သူခိုးလည်း စောင့်ထိန်းလို့ ရနိုင်ပါကြောင်းတိုက်တွန်း ဆုံးမပါတယ်။ ရဟန်းတော်ကို ရိုသေရှာတဲ့သူခိုးလည်း သေသေ ချာချာစဉ်းစားပြီး၊ ဒီတစ်ပါးသီလကိုတော့ ရာသက်ပန်စောင့် ထိန်းပါမယ်လို့ ကတိပေးလိုက်ပါတယ်။ အဲဒီလိုကတိပေးတော့ ရဟန်းတော်က သာဓုခေါ်တော်မူပြီး၊တစ်ပါးသော သီလကို အသက်ထက်ပိုပြီး ကာကွယ်စောင့်ထိန်းဖို့ သတိပေးဆုံးမလိုက် ပါတယ်။
တနေ့မှာတော့ တစ်ပါးသီလယူထားတဲ့သူခိုးဟာ သူဌေးအိမ်ကပစ္စည်းခိုးဖို့ အမှောင်ရိပ်ခိုပြီး လစ်တဲ့အချိန်ကို ချောင်းနေပါတယ်။ သူခိုးက ရုပ်ဖြောင့်တယ်ထင်ပါတယ်။ သူခိုးလှုပ်ရှားနေတာတွေ၊ အလစ်ချောင်းနေ တာတွေ ကို မြင်လိုက်တဲ့သူဌေးကတော်က သူခိုးကို သဘောကျသွားပါတယ်။ ကာမအလိုပြည့်ဖို့ကိုပဲ စဉ်းစားတဲ့ သူဌေး ကတော်ဟာ အလစ်ချောင်းနေတဲ့ သူခိုးနားကိုသွားပြီး သူမနဲ့အတူ ပျော်ပါးဖို့ပြောပါ တယ်။ သူမမှာပစ္စည်း ဥစ္စာ တွေ များစွာရှိတဲ့အတွက် နောင်ကိုခိုးယူစားသောက်ဖို့ မလိုတော့ကြောင်း သွေး ဆောင်ဖျားယောင်း ပါတယ်။ သူခိုးက သူစောင့်ထားတဲ့ သီလကိုအပျက်မခံနိုင်တဲ့အတွက် သူဌေးကတော် ရဲ့တောင်းဆိုချက်ကို ငြင်းပါတယ်။ ဒီလို သူဌေးကတော်က သူမအလိုပြည့်ဖို့ အဓမ္မ စည်းရုံး၊ သူခိုးက အတင်းငြင်းဆန်နေတဲ့အချိန် သူဌေးကြီး ရောက်လာပါတယ်။ မာယာများတဲ့ သူဌေးကတော်က သူမကို သူခိုးက အဓမ္မ ကျင့်ဖို့ ကြိုးစားနေပါတယ်လို့ သူဌေးကြီးကိုပြောပါတယ်။ အဖြစ်အပျက်အားလုံးကို သိလိုက် တဲ့သူဌေးကြီးဟာ သီလပျက်သစ္စာမဲ့တဲ့ ဇနီးကို နှင်ထုတ်လိုက်ပါတယ်။ ယောက်ျားကောင်းပီသစွာ စောင့် ထိန်းအပ်တဲ့ ကိုယ်ကျင့်သိက္ခာကို ရဲရဲရင့်ရင့် စောင့်စည်းလိုက်တဲ့ သူခိုးကိုတော့ သူဌေးကမွေးစားလိုက် ပါတယ်။ အဲဒီဇာတ်လမ်းမှာ အဓိကပြောချင်တာက သီလစောင့်တဲ့အတွက် သူခိုးဘ၀ကနေ သူဌေးဘ၀ရောက်ရတာ အားကျအတုယူစရာကောင်းတယ် ဆိုတာပါ။ ဒါမျိုးက ဇာတ်လမ်းထဲမှာ ပဲရှိတာလို့တော့ မယူဆစေချင်ဘူး။ အဆင့်အတန်းနိမ့်ကျတဲ့ သူခိုးတောင်စောင့်နိုင်တဲ့ သီလမျိုးကို အမျိုးကောင်းသား အမျိုးသမီးကောင်းတွေလည်း စောင့်ထိန်း သင့်တယ်လို့ တွေးဆဆင်ခြင်စေချင် ပါတယ်။
ကျွန်တော်ကျောင်းပြီးတဲ့ အချိန်လောက်ရောက်တော့ ပညာတတ်အသိုင်းအ၀ိုင်းနဲ့လူချမ်း သာအသိုင်း အ၀ိုင်း မှာပါ အိမ်ထောင်ရေးဖေါက်ပြန်တာတွေ များလာတာကိုတွေ့ ရပါတယ်။ တချို့ဘွဲ့ရမိန်း ကလေးတွေ ကိုယ့်ဘ၀ကို ကိုယ်တိုင်ကြိုးစားရပ်တည်လို့ ရတဲ့အခြေအနေရှိရဲ့နဲ့ သူမျာ့း မိသားစုနဲ့ အိမ်ထောင်ရေး ကိုပျက်စီးစေပြီး၊ ကိုယ်တိုင်အငယ်အနှောင်း ဖြစ်ရတဲ့ဘ၀ကို ဘာကြောင့်ရွေးချယ်ကြမှန်း နားမလည်ခဲ့ဘူး။ နောက်တော့ ဆရာမကြီး တစ်ယောက်က ပြောပြပါတယ်။ လောကဓံ ဆင်းရဲဒုက္ခမျိုးစုံကို မခံချင်ကြတော့ ခူးပြီးသားခပ်ပြီးသား အဆင်သင့်ကို ရွေးချယ်ကြတာပေါ့တဲ့။ အဲဒီလိုပြောမှပဲ သဘောပေါက် သွားပါတယ်။ ခေတ်အခြေအနေ အရ တန်းတူရွယ်တူ ယောက်ျားတစ် ယောက်ကိုလက်တွဲရင် နှစ်ယောက်အတူ ပင်ပင်ပန်းပန်းရုန်းကန် ရမှာမို့ လွယ် တဲ့လမ်းကို ရွေးကြတယ်ထင်ပါရဲ့။
အမျိုးသားများဖေါက်ပြန်ကြတာကတော့ ၂၀ရာစုမှာကတည်းက ဖက်ရှင်ဖြစ်နေပါတယ်။ တချို့ယောက်ျား များကတော့ သူတို့ဖေါက်ပြန်ရ တာမိန်းမတွေကြောင့်လို့ဆို ပါတယ်။ ဟုတ်ရင်လည်း ဟုတ်မှာပါပဲ။ မိန်းမတွေ ဖြားယောင်းလို့တစ်ချို့ခပ်အေးအေးယောက်ျားတွေ ဖေါက်ပြန်သွားကြတယ်။ တစ်ချို့ကြတော့ အိမ်ထောင်ရေး အဆင်မပြေလို့တဲ့။ ရိုးအပြီးဘာမှနားမလည်တဲ့ မိန်းကလေးတွေကိုကျတော့ ကျမ်းကြေတဲ့ယောက်ျားများက နင်းချေလိုက်ကြတယ်။ အခက်အခဲ အကြပ်အတည်းတွေနဲ့ ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေကိုကျတော့ ငွေကြေးချမ်းသာတဲ့ယောက်ျားများက တခုတည်းသောထွက်ပေါက်ပေးပြီး ချေတော်တင်လိုက်ကြတယ်။ ၂၁ရာစုမှာထပ်တိုးလာတဲ့ မယ်တစ်ရွာမောင်တစ်ပြည်ဆိုတဲ့ ဖက်ရှင်ကြောင့် အိမ်ထောင်ရေးဖေါက်ပြန်မှုတွေ ဟာ ထမင်းစားရေသောက်ကိစ္စလို ဖြစ်လာပါတယ်။ သူများတွေလည်း ဒီလမ်းသွားနေကြတာပဲဆိုပြီး လျှောက်လိုက် သွားကြမှာလား။ ဒီလိုဆို လူ့လောကအတွက် စည်းကမ်းဘောင်တွေ ရှိနေဖို့ မလိုတော့ဘူး လား။
ယဉ်ကျေးခဲ့ကြသောမြန်မာတွေ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာလူမျိုး ဖြစ်မသွားအောင် ကြိုတင်ကာကွယ်ဖို့ တော့လို နေပါပြီ။ ဆန္ဒနဲ့ဘ၀ ထပ်တူမကျနိုင်တဲ့ အခြေအနေမျိုးမှာ လိုအင်ဆန္ဒတွေကို ထိန်းချုပ်နိုင်တဲ့ သတ္တိတွေ၊ ခိုင်မာ တဲ့စိတ်ဓါတ်တွေကို လေ့ကျင့်မွေးမြူ ကြရပါမယ်။ တဒင်္ဂခဏ သာယာမှုအတွက် စိတ် အလိုလိုက်ရင် နောက် ဆက်တွဲ ဘာတွေဖြစ်လာသလဲ။ တာဝန်မဲ့စွာ ပျော်ပါးကြတဲ့ ယောက်ျားများကြောင့် မိန်းကလေးတွေ မိခင်စိတ် ကင်းမဲ့လာကြတယ်။ ကိုယ့်ရဲ့သွေးကဖြစ်တဲ့ ရင်သွေးတွေကို လူ့လောကထဲ ပေးမ၀င်ကြတော့ဘူး။ မတော်တဆ လူ့လောကထဲရောက်လာတဲ့ ကလေးတွေဟာလည်း ရင်ခွင်မဲ့ဘ၀၊ စွန့်ပစ်ခံဘ၀နဲ့ ၀ဠ်ကြွေးတွေပေးဆပ်ဖို့ လူ လာဖြစ်သလို ဖြစ်နေကြရတယ်။ ကိုယ်သာ ဒီကလေးနေရာမှာဆို လောကကြီးကို ဘယ်လိုရင်ဆိုင် မလဲဆို တာလေး တွေးမိစေချင်ပါတယ်။ နောက်အကျိုးဆက်တခုကတော့ လူတိုင်းသိကြတဲ့ အေအိုင်ဒီအက်စ် ရောဂါပါ။ ဒီလိုအကျိုးဆက်တွေကို ခံနေရတဲ့ရောဂါသည်တွေ မိဘမဲ့ ကလေးတွေအတွက် စေတနာ့ဝန်ထမ်းတွေ လည်း ၀န်တွေပိနေကြပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတဲ့ လူ့အရင်းအမြစ်တွေလည်း မရေတွက် နိုင်အောင် ဆုံးရှုံးနေရပါတယ်။
ကျွန်တော်တို့လူသားတွေဟာ အခြားသတ္တ၀ါတွေထက် ပိုပြီးအဆင့်မြင့်တယ်ဆိုတော့ ရေရှည်ကိုတွေးခေါ် မြော်မြင်နိုင်ပြီး၊ ဆင်ခြင်တုံတရားတွေနဲ့ ကမ္ဘာလောကကို စောင့်ရှောက်သင့်ပါတယ်။ မိန်းကလေးများ မိမိတို့ရဲ့ ဣနြေ္ဒသိက္ခာကို စိန်ရွှေရတနာနဲ့ မလဲနိုင်လောက်အောင် တန်ဖိုးထားတတ်စေချင် ပါတယ်။ ရှိတာလေး နဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့လောက်အောင် စားတတ်ပြီး၊ ပကာသနဂုဏ်ဒြပ်တွေနဲ့ ယှဉ် ပြိုင်လာသမျှကို အရှုံးပေးလို့ စိတ်နှလုံးအေးချမ်းရတဲ့ ဘ၀ကိုမြတ်နိုးစေချင် မိပါတယ်။ ပုခက်လွှဲမဲ့လက်ပိုင် ရှင်များ လိမ္မာ ယဉ်ကျေးပါမှ ကမ္ဘာကြီးသာယာလှပ နိုင်မှာပါ။ မိန်းမသားများထက် ပိုပြီးမြင့်မြတ်ပါတယ် ဆိုတဲ့ ယောက်ျား သားများကလည်း မိမိတို့ရဲ့ ဇနီးမယား၊သားသမီးများကို သစ္စာရှိရှိ တာဝန်ဝန်သိသိနဲ့ ရိုးမြေကျပေါင်းသင်း စောင့်ရှောက်ပြီး၊ မိမိအိမ်သူမဟုတ်တဲ့ မိန်းကလေးများကို ညီမလေးလို တူမလေးလို ကူညီစောင့်ရှောက် သင့်တယ် မဟုတ်လား။ ဒါတွေက မြန်မာ့ ယဉ်ကျေးမှုစစ်စစ်ပါ။ ဒီယဉ်ကျေးမှုတွေလုံးဝပျောက်ကွယ်သွား ရင်တော့ လူမျိးပါ ပျောက်သွားပါလိမ့်မယ်။
ခေတ်ကာလအခြေအနေ အရယဉ်ကျေးမှုတွေ အလိုက်သင့်ပြောင်းလဲရမယ် ဆိုတာတော့မှန်ပါတယ်။ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးမှုကြောင့် ၀တ်စားဆင်ယင်မှုတွေ ပြောင်းလာကြတယ်။ မြန်မာမိန်းက လေးအချို့ အရက်သောက်တတ်လာပြီး၊ နိုက်ကလပ်တွေ သွားကြတယ်။ လက်မထပ်ပဲ အတူနေကြတယ်။ ဒါပေမဲ့ အနောက်တိုင်းသားတွေရဲ့ အချိန်တိကျပြီး စည်းကမ်းရှိတာတွေကိုတော့ မြန်မာတွေတော်တော် များများ ဘာလို့အတုမယူ ကြတာလဲဆိုတာ စဉ်းစားစရာပါ။ တွေးမိတာ ပြောပါတယ်။ မြန်မာ့ယဉ် ကျေးမှုတွေထဲက တကယ့်အကောင်းတွေ၊ အနှစ်တွေကို လိုက်နာထိန်းသိမ်းပြီး အရမ်းရှေးဆန်လွန်းတာ တွေ အယူသည်းတာ တွေကို ပယ်ကြမယ်ပေါ့။ တိုင်းတပါးယဉ်ကျေးမှုတွေထဲက ကောင်းတာတွေကို အတုယူကြမယ်။ ဒီလိုဆိုရင် ယဉ်ကျေးသော စည်းကမ်းရှိသော မြန်မာတွေကို ကမ္ဘာကလေးစား လာကြမှာပါ။
သီလမြဲတဲ့သူဟာ အသက်ရှည်ကျန်းမာတယ်။ ရုပ်ရည်သန့်ပြန့်ပြီး သြဇာညောင်းတယ်။ စိတ်ပိုင်းဆိုင်ရာမှာ လည်း သီလလုံတဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ကြောက်စိတ်ကင်းစေပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာ အကျိုးပေးတွေက ဒီနေ့ သီလစောင့်ရင် ဒီနေ့ရနိုင်ပါတယ်။ မယုံရင်လက်တွေ့ စမ်းကြည့်ပါလို့ပဲ ပြောချင်ပါ တယ်။ အကယ်၍များ  ငါးပါးသီလ မတတ်နိုင်ဘူးဆိုရင် ဖော်ညွန်းပါ တစ်ပါးသီလတော့ နေ့စဉ်စောင့်သင့် ပါတယ်။ သီလ တန်ခိုးနဲ့ လောကကိုအလှဆင် နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

သီတင်းကျွတ်ပြီမို့ အိမ်ထောင်ပြုကြမယ့် မင်္ဂလာမောင်နှံများအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ဖတ်ခဲ့ဖူး ကြည့်ခဲ့ဖူး တာတွေကို အတွေးပါးပါး အရေးများအဖြစ် ရေးမိတာပါ။ မင်္ဂလာဆောင်ပြီးကြသော ဇနီးမောင်နှံများအတွက် လည်း ငွေရတု ရွှေရတု လက်ဆောင်ပါဗျာ။

ဖတ်ရှု့ အားပေးသူအပေါင်းကျေးဇူးပါ။

No comments: