Pages

Saturday 23 April 2011

ဘ၀ရေလှိုင်းထဲက သမ္ဗန်သမား

ဘဝရေလှိုင်းထဲက သမ္ဗန်သမား

Posted by Popular News on Apr 23rd, 2011 and filed under Articles. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry
”ဘာပဲပြောပြော လုပ်လာတာကြာပြီဆိုတော့ ဒီအလုပ်ပဲ သဘောကျပါတယ်။ တခြား အလုပ်လည်း ပြောင်းမလုပ်တတ်တော့ဘူး။ ဒီဝင်ငွေလောက် ရအောင်လည်း တခြားအလုပ်က အဆင်ပြေမယ် မထင်ဘူး”ဟု ရန်ကုန်နှင့် ဒလ သမ္ဗန် ပြေး ဆွဲနေသူ ဦးမောင်ဘိုက ဆို သည်။
ထိုသို့ပြောပြီး အရိပ်ရသည့် နေရာဘက်တိုးကပ်လာရင်းက ဝတ်ထားသည့် ပုဆိုးကို ဖြေလျှော့ကာ ခါးပုံစအထက်ပိုင်း ဖြင့် မျက်နှာပေါ် စီးကျနေသော ချွေးစက်တို့ကို ပွတ်သုတ်နေသည်။ မေးခွန်းအတွက် သိချင်သောအဖြေကို တိုက်ရိုက်မဖြေ ဘဲ သွယ်ဝိုက်သည့်နည်းဖြင့် ခပ် ပေါ့ပေါ့သဘော ပြန်လည်ဖြေ ကြားသည်။ သို့သော် ဦးမောင်ဘို ၏ မျက်နှာတွင်တော့ အလွန် လေးနက် တည်ကြည်သည့် အသွင် ဆောင်နေသည်။ စိုးရိမ်မှု တစ်စွန်းတစ်စကိုပါ တွေ့လိုက်ရ သည်။
မစိုးရိမ်၍လည်းမဖြစ်။ ရက် ပိုင်းအတွင်းက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်က သူတို့၏စိတ်ကို အနည်းအကျဉ်းတော့ စိုးရိမ်မိမှာ သေချာသည်။
 အခြားမဟုတ်။ ဧပြီလ ၄ ရက်နေ့က မော်တင်နှင့် ဝန်ထမ်းရွာ ကူးသော သမ္ဗန် တိမ်းမှောက်မှုကြောင့် အနည်း အကျဉ်းတော့ စိုးရိမ်မိသည်ဆို သည်။
”ငါးယောက် ပါတယ်တဲ့။ မီးပြတိုက်နားမှာ ဖြစ်တာတဲ့။ အခုတော့ ပြန်ဆယ်တွေ့ပြီတဲ့။ အားလုံးတော့ သေကုန်တာပေါ့။ သမ္ဗန်ကပျက်ပြီး ရေကြမ်းတတ် တဲ့ အချိန်မှာဆိုတော့ ကန့်လန့်ခံ ပြီး မှောက်သွားတာလို့ ပြော ကြတာပဲ။ အသေအချာတော့ မသိပါဘူး”ဟု ဧပြီ ၆ ရက်နေ့မှ ပြန်တွေ့သည့် ယင်းစက်လှေ သမ္ဗန် တိမ်းမှောက်မှုနှင့် ပတ် သက်၍ ပြောပြသည်။
နှစ်ပေါင်းများစွာ လုပ် ကိုင်စား သောက်လာခဲ့သော စက်လှေသမ္ဗန် အငှားလိုက်သည့် အလုပ်က မိသားစု၏ ဝမ်းရေးကိုလည်း ဖူလုံစေသည်။ စိုးရိမ်ကြောင့်ကြမှုတို့ လည်း ပိုစေသည်။ တစ်နေ့လျှင် ဝင်ငွေကျပ် လေးငါးခြောက်ထောင် အထက်ရဖို့မှာ စိုးရိမ်စရာမရှိသော်လည်း နေ့စဉ် မျက်စိနှစ်လုံးပွင့်သည်မှ အိမ်ပြန်ချိန်ရောက် ကုန်းပေါ်တက်ခါမှ ဟင်းချနိုင်သည်ဆိုသည်။ ရန်ကုန်နှင့် ဒလတစ်ဖက်ကမ်းသို့ နေ့စဉ်အခေါက်ပေါင်းများစွာ ပြေးဆွဲနေသည့်တိုင် ရေအတက်အကျ၊ သင်္ဘော၊ ဇက် တို့ဖြင့် ရှောင်ရသော အချိန်တွင် သတိကြီးကြီးထားရသည်။ သူလိုလူအတွက် ဒီရေထဲမှာပင် ရှင်သန်ကြီးထွားခဲ့ရသည့်တိုင် အသွားအပြန် လိုက်ပါစီးနင်းသော ခရီး သည်တို့ကြောင့် ပူပင်ကြောင့် ကြမိသည်မှာ အမှန်။
”ဝင်ငွေကတော့ ၅ ထောင် အထက်။ တစ်ခါတစ်ရံ တစ်သောင်း လောက်အထိလည်း ဝင်တယ်။ အခုနောက်ပိုင်းတော့ ဆီဈေးတက် လို့ အရင်လောက်မကျန်တော့ဘူး။ ပင်တော့ပင်ပန်းတယ်။ ဝင်ငွေက မဆိုးဘူးလို့ ပြောလို့ရပါတယ်။ သမ္ဗန်ဆိုတာ သင်္ဘောလိုတော့ မဟုတ်ဘူးလေ။ စီးတဲ့သူလည်း နည်းနည်းတော့ စိုးရိမ်တာပဲ။ ရေ အတက်အကျ အချိန်တွေဆို ဂရုစိုက်ရတယ်”ဟု ဦးမောင်ဘိုက သူ၏အလုပ်နှင့် ဝင် ငွေရရှိမှုအပေါ် ရှင်းပြသည်။
ဦးမောင်ဘိုသည် ဌာနဆိုင်ရာ ပိုင် သမ္ဗန်တစ်စင်းအား ဝင်ငွေ၏ ၆ဝ ရာခိုင်နှုန်းစားဖြင့် ယူ၍ ပြေးဆွဲ နေသူဖြစ်သည်။ ယင်းဝင်ငွေထဲမှပင် သမ္ဗန်ပြေးဆွဲရန် လိုအပ်သည့်ဆီ ဝယ်ထည့်ရသည်။ ကျန်သည့် ၄ဝ ရာခိုင်နှုန်းအား ဌာနသို့ ပေးသွင်းရ သည် ဆိုသည်။
သာမန် နေ့စားအလုပ်ကြမ်း သမား၊ လစာနည်းဝန်ထမ်းငယ်များ၊ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းအချို့ စသည်တို့ထက် ဝင်ငွေများသည်ဟု ဆိုသော်လည်း မိသားစုများစွာ ရှိ သော ဦးမောင်ဘိုအတွက် သူ၏ တစ်နေ့ဝင်ငွေသည် တစ်နေ့ အလျင်မီရန်ပင် မနည်း။
”စပြီး ဒီအလုပ်လုပ်စတုန်းက ခေတ်ကောင်းသေးတယ်။ ဝင်ငွေ လေးလည်း မဆိုးဘူး။ စစ်စစ်စီစီ နဲ့ သုံးစွဲပြီး ငွေစုနိုင်ရင် ကိုယ်ပိုင် သမ္ဗန်တစ်စင်းတောင်ဝယ်နိုင်မယ် ထင်ခဲ့တာ။ ရတာလေးစားလိုက်။ အလျင်မီအောင် ကြိုးစားလိုက်နဲ့ပဲ နှစ်တွေမနည်းတော့ဘူး။ အခုအချိန် မှာတော့ တစ်နေ့စာတစ်နေ့စား စရိတ်ဖူလုံဖို့နဲ့ ဆီဈေး ဒီ့ထက်ပို မတက်ပါစေနဲ့ပဲ ဆုတောင်းနေရ တယ်။ ဒါကြောင့် ကြာလာတော့ အလုပ်အပေါ် ငြီးငွေ့လာတယ်”ဟု ဦးမောင်ဘိုက ဆိုပြန်သည်။
ဖြတ်သန်းခဲ့ရသော အချိန်တွေ သည် ရေလှိုင်းတို့၏သဏ္ဌန်အတိုင်း နိမ့်ချည်မြင့်တစ်လှည့်က အစီအစဉ် တကျအလား။ ဝမ်းရေးပြည့်စုံသည့် နေ့က ခါးလှဖို့ ပူခဲ့ရသည်။ ခါးလှ ဖို့စိတ်ကူးမိသည့်နေ့က ရှေ့ရေးဝေး ဝေးတွေးကြည့်မိခဲ့ပြန်သည်။ လား ပေါင်းများစွာကြောင့် မပြေလည်နေ့ ရက်တို့ကို ပြန်လည်ပေးဆပ်ခဲ့ရ သည်များ။ ဒါတွေသည်သမ္ဗန်သမား ၏ ဖြစ်ပျက်ခဲ့သောအတိတ်နေ့ရက် တို့၏ ပုံရိပ်အစစ်။
ထိုကဲ့သို့ ပြောဆိုနေချိန်တွင် အလှည့်ကျခေါ်သံ ပြန်လည် ရောက် ရှိလာ၍ သမ္ဗန်ဆရာ သည်လည်း သူ၏ သမ္ဗန်ရှိရာ ထွက်ခွာသွားသည်။ မကြာမီပင် ၁၂ ဦးသာ ဆံ့သော သူ၏ သမ္ဗန် လေးထဲတွင် ခရီးသည် အပြည့် တက်ရောက်ပြီး ဖြစ် သည်။ သမ္ဗန်ဆရာ၏ လက်က ပဲ့ကိုကိုင်ထားသည့်တိုင် သမ္ဗန် ဆရာ၏ စိတ်က တစ်နေရာရာ ရောက်နေသည့်နှယ်။ ထိုအထဲ တွင် စောစောကပြောသွားခဲ့ သော မကြာမီ ကုန်တော့မည့် ဆီ ဝယ်ဖြည့်ရမည့်အကြောင်း၊ မပြေလည်သည့် ဘဝရဲ့ အဆင် ပြေရာပြေကြောင်း၊ သူ၏ သမ္ဗန် ပေါ် လိုက်ပါစီးနင်းသည့် ခရီး သည်များအတွက် ရက်ပိုင်း အတွင်း ဖြစ်ပျက်ခဲ့သော သမ္ဗန် တိမ်းမှောက်မှုမျိုး မကြုံရန်၊ ဒါမှမဟုတ် အဲဒါတွေ တစ်ခုမှ မဟုတ်သည့် အကြောင်း၊ အားလုံးရဲ့ အကြောင်းလည်း စဉ်းစားချင် စဉ်းစားနေလိမ့်မည်။
ထိုအချိန်တွင် တစ်ဖက်ကမ်းသို့ သွားရန် သူ့သမ္ဗန် မျက်နှာမူပြီးသွားပြီ။ သူ့သမ္ဗန်ဦးမှာလည်း သူမျက်နှာမူရာ၏ ခပ်ယွန်းယွန်းသို့ မျက်နှာမူလျက် စက်သံခပ်ပြင်းပြင်း ဖြင့် သုတ်ခြေတင်လေတော့သည်။
မိုးမြင့်မြတ်

No comments: