Pages

Sunday 20 November 2011

တောင်ကိုရီးယားအိပ်မက် ကံစမ်းမဲ


ရခိုင် အမျိုးသား တစ်ဦး ဖြစ်သူ ကိုမောင်လှယေ သည် ယခင်က မလေးရှားတွင် အလုပ် သွားရောက် လုပ်ကိုင်ရန် ကြိုးစား ခဲ့ဖူးသည်။ အဆင်မပြေသဖြင့် လတ်တလော ရေပန်းစားနေသော ကိုးရီးယား အလုပ်အကိုင် ဘက် ခြေဦးလှည့်လာခဲ့သည်။ အသက် ၂၄ နှစ် အရွယ် ရှိ ကိုမောင်လှယေသည် EPS(Employment Permit System) စနစ်ဖြင့် တောင်ကိုးရီးယားကို သွားရောက်ရန် ကြိုးပမ်းနေသည့် သောင်းချီသောမြန်မာ လူငယ် များအနက် တစ်ဦးဖြစ်သည်။ “ကိုရီးယားသွားဖို့လုပ်တာ သိန်း ဆယ်ကျော် တော့ကုန် သွားပြီ” ဟု ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင် ရန် ကိုရီးယားဘာသာအရည်အချင်း စစ်စာမေးပွဲဖြေဆိုထားသူ ၄င်းက ညည်းညူ ပြောဆိုသည်။
၎င်းမှာ မိမိအရပ်ဒေသတွင် အလုပ်အကိုင် အခြေအနေမကောင်း၍ ပြည်တွင်း ကုန်တင် သင်္ဘော များ၌ တစ်နှစ်ခွဲခန့်ကြာ လုပ်ကိုင်ခဲ့ရာ ယင်း လုပ်ငန်းလည်း အခြေအနေမကောင်း ပြန်၍ ပြည်ပအလုပ်အကိုင်ဘက်သို့ ဦးလှည့်လာသူတစ်ဦးဖြစ်သည်။ ယခု တာမွေ မြို့နယ် တွင်ရှိသော ဆွေမျိုးတော်စပ်သူ၏ တိုက်ခန်းတစ်ခန်း ၌နေထိုင်ပြီး ပြည်ပတွင်အလုပ်သွား ရောက်လုပ်ကိုင်ရန်ကြိုးပမ်းလာသည် မှာ တစ်နှစ် ခွဲခန့်ကြာနေပြီဖြစ်ကြောင်း ကိုမောင် လှယေ က ဆိုသည်။
တောင်ကိုရီးယားနိုင်ငံကို သွား ရောက်လုပ်ကိုင်ရန်မဖြစ်မနေဖြေဆိုရ သော ကိုရီးယားဘာသာအရည်အချင်း စစ်ဆေးစာမေးပွဲ EPS-Topik ကို အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီတာဝန်ယူဆောင်ရွက် စဉ် ဒုတိယ အကြိမ်စစ်ဆေးခဲ့ရာ ဖြေဆို သူ ၁၂,၄၉၁ ဦးရှိပြီး ယင်းအနက် စာမေးပွဲ အောင်မြင်သူများအထဲမှ ၃၅၀ဝ ဦးကို ကိုရီးယားအလုပ်ရှင်က ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါအေဂျင်စီထံမှ သိရသည်။ အလုပ်အကိုင်အခြေအနေကောင်း ၍ မြန်မာလူငယ်အများစုစိတ်ဝင်တစား ဖြေဆိုကြသော တောင်ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ EPS-Topik အောင်မြင်ပြီး တောင်ကိုရီးယားနိုင်ငံတွင် အလုပ်သွားလုပ်ကိုင်ခွင့်မရမည်ကို ယင်း နိုင်ငံသို့ သွားရောက် လုပ်ကိုင်ရန် ပြင်ဆင် နေကြသော မြန်မာလူငယ်အများစုက စိုးရိမ်နေကြသည်။ “အလုပ်ခေါ်တဲ့အထဲမှာမပါရင်လည်း ဘာမှမတတ်နိုင်ဘူး။
ကိုရီးယားမသွား ရရင် ဘာလုပ်ရမယ်ဆိုတာ အခုထိမဆုံး ဖြတ်ရသေးဘူး” ဟု ဒုတိယအကြိမ် စစ်ဆေးသည့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုခဲ့သူ အသက် ၂၂ နှစ်အရွယ် ရခိုင် တိုင်းရင်းသား ကိုထွန်းထွန်းဝင်းက ပြောဆိုသည်။ ကိုရီးယားဘာသာအရည်အချင်း စစ်စာမေးပွဲ အောင်မြင်ပြီး အလုပ်လျှောက် လွှာစာရင်းတွင်ပါရုံဖြင့် ကိုရီးယားနိုင်ငံ သို့သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရရန် ရာနှုန်းပြည့်အာမခံခြင်းမရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သတင်းထုတ်ပြန်ထားသည်။ ကိုရီးယားနိုင်ငံမှ မြန်မာအလုပ် သမားခေါ်ယူရာတွင် ကိုရီးယား အလုပ်ရှင်က အလုပ်သမားကို စိတ်ကြိုက် ရွေးချယ်ခေါ်ယူသောစနစ်ဖြစ်ပြီး အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီက ရွေးချယ် စေလွှတ်ပေးသော စနစ်မဟုတ်သော ကြောင့် အလုပ်ခန့်စာရရှိရန် အသေအချာ အာမခံမထားကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “အလုပ်ရှင်က အလုပ်သမားကို စိတ်ကြိုက်ရွေးချယ်တာပါ။ ဒီကနေ ဘာမှလုပ်ပေးလို့မရဘူး” ဟု ၄င်းက ဆက်လက်ရှင်းပြသည်။
ဒုတိယအကြိမ်မြောက်စစ်ဆေး သည့် ကိုရီးယားဘာသာအရည်အချင်း စစ်စာမေးပွဲကို အမှတ်အပြည့်နီးပါး ဖြေ ဆိုခဲ့သော်လည်း သွားရောက်လုပ်ကိုင် ခွင့်ရရန်မမျှော်လင့်နိုင်သေးကြောင်း ပဲခူး တိုင်းဒေသကြီး ကဝမြို့နယ်မှ အသက် ၃၀ နှစ်အရွယ် ကိုမောင်လှမျိုးက ပြော ကြားသည်။ “စာမေးပွဲအောင်လို့အလုပ်လျှောက် လွှာတင်ပြီးရင် ကိုယ့်ဘက်အပိုင်းတော့ ပြီးပြီ။ အလုပ်ခေါ်မှာကတော့ သူတို့ အပိုင်းဖြစ်သွားပြီ။ ခေါ်မယ့်အချိန်ကိုပဲ စောင့်ရတော့မှာပေါ့” ဟု ကိုရီးယား နိုင်ငံသို့ အလုပ်သမားစေလွှတ်ရန် ရွှေအင်းဝပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတာဝန်ယူဆောင်ရွက်စဉ်ကပင် သွားရောက်လုပ်ကိုင်ခွင့်ရရှိရန်ကြိုးပမ်း လာခဲ့သူ၎င်းက အပြည့်အဝမျှော်လင့် မထားသောလေသံဖြင့် ပြောသည်။
တောင်ကိုရီးယားနိုင်ငံသို့ အလုပ် သမားစေလွှတ်ရန် ရွှေအင်းဝပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီသည် ၂၀ဝ၈ ခုနှစ်တွင် တာဝန်ယူဆောင်ရွက်စဉ်က တည်းက ကိုရီးယားအရည်အချင်းစစ် ဆေးစာမေးပွဲအောင်မြင်ပြီး ယင်းနိုင်ငံ သို့ သွားရောက်လုပ်ကိုင်ခွင့်မရှိခဲ့သူများ ကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ပြောင်းလဲတာဝန်ယူ၍ အလုပ်သမား စေလွှတ်မှုကို ဆောင်ရွက်ခဲ့ရာ စာမေးပွဲ သက်တမ်းကုန်သည်အထိ သွားရောက် လုပ်ကိုင်ခွင့်မရသူများ ရှိနေကြောင်း ယင်းအလုပ်သမားများထံမှ သိရသည်။ “ကိုရီးယားသွားဖို့လုပ်ထားတယ် ဆိုတိုင်း ဘာမှမလုပ်ဘဲထိုင်စောင့်နေလို့ ကတော့ မသွားလိုက်ရရင် အချိန်ရော ငွေရောအရမ်းကုန်တယ်။ လူငယ်တွေက အလုပ်လုပ်ဖို့ အရမ်းတက်ြွကနေတဲ့အချိန်မှာ မသွားရဘဲ ကျန်နေခဲ့တော့ အရမ်းစိတ်ပျက် တာပေါ့”ဟုစာမေးပွဲသက်တမ်းကုန်သည် အထိ သွားရောက်လုပ်ကိုင်ခွင့်မရရှိခဲ့သူ ကိုဝင်းစံက သုံးသပ်ပြောကြားသည်။
ကိုရီးယားဘာသာအရည်အချင်း စစ်စာမေးပွဲအောင်ထားရုံဖြင့် ကိုရီးယား နိုင်ငံသို့ ကျိန်းသေသွားရမည်ဟု ယုံကြည် မျှော်လင့်မထားသင့်ကြောင်း ရွှေအင်းဝ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ က တာဝန်ယူစေလွှတ်စဉ်ကပင် ကိုရီးယား နိုင်ငံသို့ သွားရောက်လုပ်ကိုင်ခွင့်ရရန် ကြိုးပမ်းလာပြီး စာမေးပွဲ သက်တမ်း ကုန် ဆုံးသည်အထိ သွားရောက်လုပ်ကိုင် ခွင့်မရခဲ့သော အလုပ်သမားများက တညီတညွတ်တည်း ဆိုကြသည်။ ကိုရီးယားဘာသာအရည်အချင်း စစ်ဆေးစာမေးပွဲ (EPS-Topik) တစ် ကြိမ်အောင်မြင်လျှင် ၂နှစ်သက်တမ်းရှိပြီး ယင်း၂နှစ်အတွင်းတွင် အလုပ်ခန့်စာမရ ရှိပါက စာမေးပွဲထပ်မံဖြေဆိုရမည်ဖြစ် ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီက သတင်းထုတ်ပြန်ထားသည်။
တောင်ကိုရီးယားနိုင်ငံသို့ သွား ရောက်လုပ်ကိုင်လိုသူများလာပြီး EPS-Topik စာမေးပွဲအောင်မြင်သူ ပိုမိုများ ပြားလာလျှင် ယင်းနိုင်ငံသို့သွားရောက် လုပ်ကိုင်ခွင့်မရသူလည်း ပိုများလာမည် ဖြစ်ကြောင်း ကိုရီးယားလူ့စွမ်းအား အရင်းအမြစ်ဌာန မြန်မာနိုင်ငံကိုယ်စား လှယ် Mr. Choi Jung Inm ကဆိုသည်။ ကိုရီးယားဘာသာအရည်အချင်း စစ် စာမေးပွဲအောင်မြင်ပြီး ကျွမ်းကျင် စာမေးပွဲပါထပ်မံအောင်မြင်လျှင် ဦးစား ပေးခေါ်ယူမည့်စာရင်း၌ ပါဝင်မည် ဆို၍ ကျွမ်းကျင်စာမေးပွဲပါ ဖြေဆိုခဲ့သော် လည်း ယခုအချိန်ထိအလုပ်ခန့်စာမရ ရှိသေးကြောင်း အဆိုပါနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရန် ကျွမ်းကျင်စာမေးပွဲအောင် မြင်ပြီးအလုပ်လျှောက်လွှာတင်ထားသူ ကိုသန်းထွန်းဦးက ဆိုသည်။
ကိုရီးယားနိုင်ငံသို့ အလုပ်သမား စေလွှတ်ရန် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီတာဝန်ယူဆောင်ရွက်စဉ် ပထမအကြိမ်စာမေးပွဲကို ဇွန်လ ၁၁ ရက် နှင့် ၁၂ ရက်နေ့တို့တွင် စစ်ဆေးခဲ့ရာ ဖြေဆိုသူ ၄၅၃၂ ဦးဖြစ်ပြီး အောင်မြင်သူ ၄၁၀၉ ဦးရှိခဲ့ကြောင်း၊ ယင်းအောင်မြင်သူ များမှ အလုပ်လျှောက်လွှာတင်ထားသူ ၃၈၆၄ ဦးရှိသည့်အနက် အလုပ်ခန့်စာ ရထားသူ ၄၁၃ဦးရှိပြီး အောက်တိုဘာ ၁၅ ရက်နေ့အထိ ၂၅၀ ဦးစေလွှတ်ပြီး ဖြစ်ကြောင်း ယင်းအေဂျင်စီထံမှ သိရှိရ သည်။ အလုပ်လျှောက်လွှာတင်သောအခါ စာမေးပွဲလျှောက်လွှာတွင် ဖြည့်စွက်ရေး သွင်းခဲ့သည့်အချက်အလက်များ ကွဲလွဲ နေပါက ရွေးချယ်ခံရမည်မဟုတ် ကြောင်း၊ ကျန်းမာရေးစစ်ဆေးချက်မ အောင်မြင်သူများ၊ တရားမဝင်နေထိုင် ဖူးသူ သို့မဟုတ် ပြစ်မှုကျူးလွန်ဖူးသူ များ၊ နိုင်ငံကူးလက်မှတ်ပါ အချက် အလက်များ လိမ်ညာခြင်း၊ ခံဝန်စာချုပ် တွင် အသက်လိမ်ညာခြင်း၊ အကြောင်း တစ်ခုခုကြောင့် ပြန်စေလွှတ်ခြင်းခံရ ခြင်း စသည့်အချက်တစ်ခုခုနှင့် ငြိစွန်း ခဲ့ပါက သွားရောက်လုပ်ကိုင်နိုင်မည် မဟုတ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီက သတင်းထုတ်ပြန်ထားသည်။
မြန်မာအစိုးရနှင့် တောင်ကိုရီး ယားတို့အကြား ချုပ်ဆိုထားသည့် နား လည်မှုစာချွန်လွှာအရ မြန်မာအလုပ် သမားများကို EPS စနစ်အရ အလုပ် သမားစေလွှတ်မှုသည် အခြားပြည်ပနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် အလုပ်သမား အခွင့်အရေး၊ အကျိုးခံစားခွင့်အေဂျင်စီ ကို ပေးရသည့် ဝန်ဆောင်ခစရိတ်သက် သာမှုတို့ကြောင့် ယင်းနိုင်ငံ၏အလုပ် အကိုင်များမှာ မြန်မာလူငယ်များစွာ၏ စိတ်ဝင်စားမှုခံရပြီး ပြည်ပအလုပ်အကိုင်ဈေး ကွက်တွင် ဦးဆောင်လျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံကို သွားရောက် လုပ်ကိုင်မည့် အလုပ်သမားများနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ များထံမှ သိရသည်။ ကိုရီးယားနိုင်ငံသို့ သွားရောက် လုပ်ကိုင်လိုသူများပြားနေပြီး ကိုရီးယား နိုင်ငံကခေါ်ယူမည့် အလုပ်သမားဦးရေ မှာ နည်းပါးနေသဖြင့် သွားရောက်လုပ် ကိုင်ခွင့်ရရန်အတွက် မျှော်လင့်နိုင်ရုံသာ ရှိသေးကြောင်း ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေ သည့် အလုပ်သမားများက တညီ တညွတ်တည်း ပြောကြားသည်။ “ကိုရီးယားသွားရဖို့က ထီထိုး သလိုပါပဲ” ဟု ရွှေအင်းဝလက်ကျန်ဟောင်း တစ်ဦးဖြစ်သူ ကိုစံဝင်းက သုံးသပ်သည်။ “ကုသိုလ်ကံကောင်းရင်တော့ ကိုရီးယားသွားရမှာပေါ့။ တကယ်လို့ ကိုရီးယားမသွားရရင် နောက်တစ်နိုင်ငံ ကိုတော့ ရောက်အောင်သွားမယ်။ နိုင်ငံ ခြားကိုမသွားရဘဲနဲ့တော့ ရခိုင်ကိုလုံးဝ မပြန်ဘူး” ဟု ကိုမောင်လှယေက ယတိပြတ် ဆုံးဖြတ်ပြောဆိုသည်။
                            Ref; the voice

No comments: