Pages

Tuesday 17 July 2012

အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းလျှင် အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည်

အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းလျှင် အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည်

17/Jul/2012

E-Mail this article
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ၂၀၀၇ ခုနှစ် မော်ဒယ်နှင့်အထက် ကားသစ်များ တင်သွင်းရန် လိုင်စင်များကို မေလမှစ၍ ခွင့်ပြုထားခဲ့ရာ အကောက်ခွန် ဦးစီးဌာနမှ အိမ်သုံးကားများ တင်သွင်းလာပါက အင်ဂျင် ၂၀၀၀ စီစီအထက် ယာဉ်များကို အကောက်ခွန် ၄၀ ရာခိုင်နှုန်းနှင့် ၂၀၀၀ စီစီနှင့်အောက် ယာဉ်များကို အကောက်ခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပါတယ်။ အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းပြီး အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် ATIGA Form D ပါရှိလာလျှင် အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း သိရှိရပါသည်။ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (ASEAN Free Trade Area-AFTA) ပေါ်ပေါက်ရေးအတွက် အကောက်ခွန် အတားအဆီးများကို ပယ်ဖျက်ပေးလျက်ရှိရာ မြန်မာနိုင်ငံမှ ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ATIGA Form D ပါရှိလာလျှင် သုည ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိသာ ကောက်ခံလျက် ရှိပါသည်။ အကောက်ခွန် ကုန်ပစ္စည်းအုပ်စု၏ ၆၀ ရာခိုင်နှုန်း ၄၉၄၂ မျိုးကို ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သုည ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ဖြစ်ပါသည်။ သတင်းဆက်သွယ်ရေး နည်းပညာ (ICT) ပစ္စည်းများကိုလည်း ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ ခုနှစ်များတွင် ၃ သုတ်ခွဲ၍ သုည ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် အကောက်ခွန် ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကို သုည ရာခိုင်နှုန်းသို့ လျှော့ချရန် အာဆီယံအတွင်းရေးမှူးရုံးသို့ ပေးပို့လျက် ညှိနှိုင်းနေဆဲ ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ၉၃ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်းကို သုည ရာခိုင်နှုန်းထိ လျှော့ချရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ပစ္စည်းများကို အကောက်ခွန် သက်သာခွင့်ရရန် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် ATIGA Form D ပါရှိရန် လိုအပ်ပြီး မပါရှိပါက မြန်မာ့အကောက်ခွန် နှုန်းထား ၂၀၁၂ ဇယားပါအတိုင်း ကောက်ခံမည်ဟု သိရှိရပါသည်။ အာဆီယံနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ အကောက်ခွန်နှုန်းထား သက်သာခွင့်ကို ခံစားလိုပါက အာဆီယံ-တရုတ် Form E ၊ အာဆီယံ-ဂျပန် Form AJ၊ အာဆီယံ-ကိုရီးယား Form AK  အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် Form AANZ၊ အာဆီယံ-အိန္ဒိယ Form AI တို့ပါရှိလာပါက သက်ဆိုင်ရာ သဘောတူ စာချုပ်များ အလိုက် အကောက်ခွန် လျော့နှုန်းများ ခံစားရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ်  Commerce ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: