Pages

Tuesday 10 May 2011

သမ္မတသစ်သစ် ပိုက်ဆံသစ်သစ်

Written by ဒေါက်တာခင်မောင်ညို   
Thursday, 05 May 2011 00:48
AddThis Social Bookmark Button

လွန်ခဲ့သည့် နှစ်ရက်လောက်က ကျွန်တော်သည် ကျွန်တော်တို့လမ်းထိပ် ဂျာနယ်ဆိုင်တွင် ထိုင်နေမိသည်။ မနက်ပိုင်းဖြစ်၍ ဂျာနယ် အရောင်းကောင်းနေပါသည်။ ဂျာနယ်မျိုးစုံ တစ်ရာကျော် ထွက်သော ဒီနိုင်ငံကို ကျွန်တော် အတော် သဘောကျပါ သည်။
နိုင်ငံရပ်ခြား အလည်အပတ်ရောက်သွားသည့်အခါ ဟော်တယ်များတွင် တည်းခိုရသည့်အလျောက် မနက်အိပ်ယာထတာနဲ့ အခန်းဝ သတင်းစာ ရောက်နေလေ့ရှိသည်။ မနက် Breakfast အစားသောက်ခန်းတွင်
လည်း သတင်းစာ အဆင်သင့် ဖြစ်နေသည်။ မြန်မာပြည် ပြန်ရောက်သည့်အခါ ကျွန်တော်တို့ ပတ်ဝန်းကျင် သတင်းစာ အစောဆုံး ရောက်သော နေရာမှာ လမ်းထိပ်က ကိုမိုး၏ ဂျာနယ်ဆိုင် ဖြစ်နေတတ်သည်။

သို့သော် မနက် စောစောတိုင်းတော့လည်း သတင်းစာ မရောက်လာတတ်ပါ။ ကိုမိုး သတင်းစာ မရောက်သေးဘူးလား ညက အကယ်ဒမီညလေ ဆရာ၊ အဲဒါတွေပါဖို့ပါ”ကျွန်တော် သတင်းစာ နောက်ကျခြင်းကို
သဘောပေါက်သွားပါသည်။
ဒီနေ့ကော ”ဆရာ ဘွဲ့နှင်းသဘင်တွေ ရှိလို့တဲ့၊ ကိုမိုးတွင် အဖြေ အမြဲရှိသည်။ သူက ဘာမဆို စိတ်ဝင်စားသကိုး။ မန်ချက်စတာယူနိုက်တက်ကွင်း(Old Trafford)တွင် ဘောလုံးပွဲအပြီး ပြန်အထွက်တွင် တစ်ပြည်လုံး ဘောလုံးပွဲ ၂၆ ပွဲ၏ အနိုင်အရှုံး သတင်းဆောင်းပါး၊ ဓာတ်ပုံတွေပါသည့် သတင်းစာကို အပြင်မှာ ရောင်းချနေသည်ကို ကြုံခဲ့ဖူးကြောင်း ကိုမိုးကို မပြောပြမိပါ။ သူ့ယုံကြည်ချက်အတွက် ကျွန်တော် လေးစားပါသည်။

ခေတ်အလျောက် အင်မတန်မှ ဈေးပေါလှပါသည်။ ဘူးသီးတစ်လုံး ငါးပြား၊ ငရုတ်သီးတစ်ဗူး ငါးပြား ဖြစ်သည်။ ဈေးတက်လာတော့မှ (၁၀)ပြား ဖြစ်သည်။ မုန့်ဟင်းခါးတစ်ပွဲ ၁၀ ပြား အကြာကြီး ဖြစ်သည်။ နောက် တစ်မတ်(၂၅ပြား) ဖြစ်လာသည်။ လက်ဖက်ရည်လည်း မုန့်ဟင်းခါးဈေးနှင့်တူသည်။ စီးပွားရေးပညာမှာတော့ ဈေးတက်တာကို သဘာဝဟု ဆိုသည်။ ကုန်ဈေးနှုန်းသည် အချိန်နှင့်အမျှ တက်ပါသည် . .  .

ဂျာနယ်ရောင်းသော ကိုမိုးက စနစ်ကျသည်။ ဖေါက်သည်များကို ဂျာနယ်များကို လိပ်ပြီး သားရေကွင်းတွေ ပတ်ပေးတတ်သည်။
ဘာလို့ သားရေကွင်းတွေ ပတ်ပေးရတာလဲ။
ဒီလူတွေက ဂျာနယ်တွေကို ခေါက်ပြီး ယူသွားမှာစိုးလို့ပါ၊ သူဂျာနယ်ကို ချစ်မြတ်နိုးသည်။ ဂျာနယ်သည် သူ့ကို ထမင်းကျွေးနေသည်။ ဂျာနယ်တွေခေါက်ပြီး တွန့်ကြေသွားမှာ သူမလိုလားပါ။ ထိုစဉ် လူတစ်ယောက်က
ဂျာနယ်တစ်စောင် လာဝယ်သည်။
တစ်ထောင်တန်ပေးသည်။ သူက ၂၀၀ တန် နှစ်ရွက် ပြန်အမ်းသည်။
၂၀၀ တန်များသည် အမှိုက်တွေကိုစုပြီး ကော်ကပ်ထားသလို ဖွာရရာ ကြဲနေသည်။ အရောင်မထွက်။ ညစ်ပေနေသည်။ ဒီလို ပိုက်ဆံမျိုးဟာ အိန္ဒိယတွင်လည်း ရှိသည်။ သူတို့က ဓာတ်ခွဲ
ကြည့်တော့ ပိုက်ဆံတွေမှာ ကာလသားရောဂါပိုး အမျိုးမျိုး ဆစ်ဖလစ်၊ ဂနိုပိုးတွေ ၀မ်းရောဂါ ဖြစ်စေသည့် အီးကိုလိုင်းပိုးတွေကိုပါ တွေ့သည်ဟု အစီရင်ခံသည်။ ကျွန်တော်တို့ဆီတော့
ဓာတ်ခွဲမကြည့်ကြပါ။ ဒါကြောင့်လည်း ဘာမှမတွေ့ပါ။
ကိုမိုးအမ်းသော ပိုက်ဆံကို ဂျာနယ်လာဝယ်သူက လက်ဖျားလေးဖြင့် ကိုင်ကာ ကြည့်သည်။ ရွံစရာကောင်းသော တစ်စုံတစ်ခုကို ကိုင်သကဲ့သို့ စိတ်ဆင်းရဲစွာ ကိုင်ထားသည်။ ထိုသူ တစ်စုံတစ်ခု မပြောမီ ကိုမိုးက ပြောလိုက်သည်။
''ယူသွားစမ်းပါ။ သုံးလို့ရပါတယ်ဗျ။''
ထိုသူလည်း အမိန့်ကို မလွန်ဆန်နိုင်သော လက်အောက်ငယ်သားကဲ့သို့ ငွေစက္ကူဟု ခေါ်သော ထိုအရာကိုကိုင်ကာ ထွက်သွားလေသည်။ အလွန် စိတ်ရှည်ပြီး ဂျာနယ်များကို ကျိုးကြေမှာစိုး၍ သေသချောချာလိပ်ကာ သားရေကွင်း ပတ်ပေးသော ကိုမိုးသည် ဘာကြောင့်များ ဒီနေရာတွင် စိတ်မရှည်ရတော့တာလဲ။
''ကျွန်တော့်မှာ နေ့စဉ်နဲ့အမျှ ဒီပြဿနာပဲ ကြုံနေရတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် ဒီလို ပိုက်ဆံမျိုး ဘယ်သူမှ မကိုင်ဘူး၊ တစ်ခါမှ မတွေ့ဖူးပါဘူး။'' ဟုတ်သားပဲ” သူ့စကားကြားတော့ ငယ်ဘ၀ကို သတိရမိသည်။
အမေတို့က အင်္ဂလိပ်ပိုက်ဆံ အကြွင်းအကျန် ငွေဒင်္ဂါးပြားတွေ ထုတ်ပြဖူးသည်။
ဂျပန်ခေတ်က ထောင်မလဲသဲကော် ဆိုသော ထန်းပင်လေးတွေပါသည့် ဂျပန်ငွေစက္ကူများကို မြင်ဖူးသည်။ ပိုက်ဆံသစ်သစ်တွေကို သတိရနေမိသည်။ ငယ်ငယ်က ပိုက်ဆံအသစ်တွေ အတော်ကိုင်ခဲ့ရသည်။
တစ်ကျပ်တန်က ရွက်လှေလေးနဲ့ ချူးနွယ်ပန်းခက်တွေနဲ့ပါ။ ငါးကျပ်တန်က ဆံထောက်နှင့် ကောင်မလေး ဗိုင်းငင်နေသည့်ပုံ ဖြစ်သည်။ ၁၀ တန်တော့ မကိုင်ရဖူးပါ။ သစ်ဆွဲတဲ့ဆင် ဖြစ်ပေမည်။ငွေဒင်္ဂါးတစ်ကျပ်၊ ငွေထုတ်ရာ ဌာနတိုင်းတွင် လဲလှယ်နိုင်သည် ဟူသည့်(သဘောမျိုး)စာတန်းလည်း ပါသည်။ လက်မှတ်ထိုးထားသည်။ လက်မှတ်ထိုးသူမှာ ပထမ မောင်ကောင်း။ နောက်တော့ စံလင်း ဖြစ်သည်။
ကျွန်တော်တို့ ဘီလူးကျွန်းသားတွေက ပိုက်ဆံအဟောင်းကို ပိုပြီး အယူသီးသည်။ အကြောင်းကား ပထမတွင် ပိုက်ဆံတွင် ၆၄ ပြား ပါဝင်သည်။ ကျွန်တော်တို့ ဘီလူးကျွန်းတွင် ၆၄ ရွာ ရှိသောကြောင့် ကျွန်းသူကျွန်းသားတွေက တင်းပြည့်ကျပ်ပြည့်သော အရပ်ဟု ဂုဏ်ယူကြသည်။ အင်္ဂလိပ်ကလဲကွာ ဘာလို့ ၆၄ လုပ်လဲ မသိဘူး ”အချို့ကညည်ကြသည်။နောက်ပိုင်း ထိုအသုံးတွေကို ရွှေရောင်းဝယ်ရာမှာ အလေးချိန် အနေဖြင့် လည်းကောင်း၊ စံအဖြစ် လည်းကောင်း သုံးကြသည်။ တစ်ကျပ်တွင် ၁၆ ပဲ ရှိ၍ ရွှေအစစ်၏ ရွှေရည်ကို ၁၆ ပဲရည်ဟု သတ်မှတ်သည်။၁၅ ပဲရည်ဆိုလျှင် တစ်ကျပ်သားတွင် ရွှေ ၁၅ ပဲသာပါပြီး တစ်ပဲကို ငွေနှင့်ကြေးတို့ ရောသည်။ လက်ဝတ်ရတနာများကို အမြင့်ဆုံး ၁၅ ပဲရည်ဖြင့်သာ လုပ်လို့ရသည်။ ၁၆ ပဲရည်သည် ပျော့လွန်းလှသည်။(ထိုကြောင့် ခပ်ပျော့ပျော့နွဲ့နွဲ့ မိန်းခလေးတွေကို ပဲများသည်ဟု ပြောဟန်တူသည်)
၁၉၅၀ ခုနှစ်များမှာ (၁၉၅၄ ခုနှစ် ပတ်ဝန်းကျင်က) ပြားတစ်ရာတစ်ကျပ် ဖြစ်လာသည်။ ထိုအချိန်မှစပြီး တစ်ပဲတွင် ငါးပြားပါလာကာ ပဲနှစ်ဆယ်သည် တစ်ကျပ် ဖြစ်သွားတော့သည်။မြန်မာတို့သုံးသော ပိဿာနှင့် သဘော သဘာဝတူသည်။ (တစ်ပိဿာ ကျပ်တစ်ရာ ဖြစ်သည်)။ နှစ်ပဲတစ်မူး ဖြစ်သည်။ ၅ မူးတစ်ကျပ်၏ ထက်ဝက်ဖြစ်သည်။ ပြားငါးဆယ် ဖြစ်သည်။ (အင်္ဂလိပ်ပိုက်ဆံ ငါးမူးတွင် လေးမူးသာပါသည်)တကယ်တန်း တစ်ပြားကို ယူနစ်အဖြစ် သုံးနေရာက ၅ ပြားသည် ယူနစ် ဖြစ်လာသည်။
သို့သော် ခေတ်အလျောက် အင်မတန်မှ ဈေးပေါလှပါသည်။ ဘူးသီး တစ်လုံး ငါးပြား ငရုတ်သီးတစ်ဗူး ငါးပြား ဖြစ်သည်။ ဈေးတက်လာတော့မှ (၁၀)ပြား ဖြစ်သည်။ မုန့်ဟင်းခါး တစ်ပွဲ ၁၀ ပြား အကြာကြီး ဖြစ်သည်။ နောက်တစ်မတ် (၂၅ပြား) ဖြစ်လာ သည်။ လက်ဖက်ရည်လည်း မုန့်ဟင်းခါးဈေးနှင့်တူသည်။ စီးပွားရေး ပညာမှာတော့ ဈေးတက်တာကို သဘာဝဟု ဆိုသည်။ ကုန်ဈေးနှုန်းသည် အချိန်နှင့်အမျှ တက်ပါသည်။ ကျွန်တော်သည် Nostalgia ဆိုသော ငယ်ဘ၀အိပ်မက်ကို သတိရနေမိ သည်။ ကိုမိုးဆိုင်တွင် ဂျာနယ်ဝယ်သူတွေ ၀င်လိုက်ထွက်လိုက်ပါပဲ။
ကိုမိုးက ကျွန်တော့်ကို ဆက်ပြောနေသည်။
''လွှတ်တော်လည်း အသစ်ဗျ။''
''ဟုတ်ကဲ့'' သူပြနေသော လွှတ်တော်သည် ကြီးကျယ်ခန်းနားလှသည်။
''သမ္မတလည်း အသစ်ဗျ''
''ဒီတော့''
''ဒီတော့ဆရာရယ်၊ ကျွန်တော် တို့ . . .'' ”
သူ့အသံ တိမ်သွားသည်။ လူတစ်ယောက် ဂျာနယ် အ၀ယ်လာတာကိုး။ ထိုသူက ဂျာနယ်တွေကို ရွေးနေသည်။ ဂျာနယ် အတော်များများရဲ့ ရှေ့ဖုံးမှာ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းပြောနေသည့် ပုံတွေကို ကျွန်တော်တို့ မြင်နေရသည်။ ထိုသူပေးသော နှစ်ရာတန် အစုတ်သုံးချပ်ကို ယူလိုက်သည်။
''ဒီတော့ ကိုမိုး ခင်ဗျားဆက်ပါဦး''
ကျွန်တော်ကတော့ သမ္မတ အသစ်နဲ့ ပိုက်ဆံအသစ်လေးပါ ဖြစ်ချင်တာပေါ့ ဆရာရယ် ဟူ၍။

No comments: