Pages

Monday 30 May 2011

မြန်မာ လုပ်သားများ ဂျပန် တရားဝင် စတင် ခေါ်မည် .


ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းထန်သော ငလျင်နှင့်ဆူနာမီလှိုင်းလုံးကြီးများကြောင့် ဂျပန်နိုင်ငံတစ်ဝန်းတွင် ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့ရာ ယင်းပျက်စီးမှုများကို ပြန်လည် တည်ဆောက်ရန်၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် မူလရှိပြီးသား ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ ကျွမ်းကျင်ဆောက်လုပ်ရေးသမား ၅၀ ခေါ်ယူမည် ဖြစ်ကြောင်း
HARMONY SERVICE ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်လိုသူများသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အတွေ့အကြုံအနည်းဆုံး ၁၀ နှစ်ရှိရမည်ဖြစ်ပြီး အသက် အရွယ်အားဖြင့် ၃၀ မှ ၅၀ နှစ်အတွင်းရှိ သူများကိုသာခေါ်ယူမည်ဖြစ်ကြောင်း၊ ဂျပန်ဘာသာစကားအခြေခံကိုတတ်ကျွမ်းသူဖြစ်ရမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ရမည့် သက်တမ်း ကာလမှာ ငါးနှစ်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
“ဆောက်လုပ်ရေးလုပ်ငန်းကို အနည်းဆုံးအတွေ့အကြုံ ၁၀နှစ်ရှိရမယ်။ သွားကာနီးမှ သင်တန်းတက်သွားတာမျိုးမရဘူး။ နောက်ပြီး တော့ ဂျပန်ဘာသာ စကားကိုလည်း အခြေခံ အဆင့် ၄ အထိ နာရီပေါင်း ၁၈၀ သင်တန်းတက်ပြီးထားသူဖြစ်ရမယ်”ဟု HARMONY SERVICE တာဝန် ရှိသူက ရှင်းပြသည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို သွားရောက် လုပ်ကိုင် မည့် မြန်မာဆောက်လုပ်ရေးသမားတစ်ဦးအနေနှင့် အခြေခံလစာမှာ နေစရိတ်၊ စားစရိတ်ငြိမ်း ဂျပန် ယန်းငွေ ၁၅၀çဝ၀ဝ မှ ၂၅၀çဝ၀ဝ ထိ (အမေရိကန်ဒေါ်လာ ၂၀ဝ၀ ဝန်း ကျင်မှ ၃၀ဝ၀ ဝန်းကျင်) ရရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်နေ့လျှင် ရှစ်နာရီလုပ်ကိုင်ရမည်ဖြစ်ပြီး အေဂျင်စီဝန်ဆောင်ခကို ညှိနှိုင်းလျက်ရှိကြောင်း၊ လာမည့် ဩဂုတ်လတွင် စတင်ပို့နိုင်တော့ မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ဂျပန်နိုင်ငံသို့ ယခင်က သင်တန်းသားအလုပ်သမားစေလွှတ်မှုများရှိခဲ့ပြီး ကျောင်းသားဗီဇာဖြင့် သွားရောက်လုပ်ကိုင်မှု များရှိခဲ့ကြောင်း၊ သင်တန်းသား အလုပ်သမားများအဖြစ်သာ သွားခွင့်ရှိကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့ထံမှ စုံစမ်းသိရှိရသည်။
“ဂျပန်နိုင်ငံကို Work Permi နဲ့ ခေါ်မယ်လို့ကြားတယ်။ ဒါပေမဲ့ အလုပ်ခေါ်မယ်ဆိုတဲ့ စာရွက်စာတမ်းတွေကတော့ မရသေးဘူး။ စာရွက်စာတမ်းတွေ ရပြီဆိုတာနဲ့ ကျွန်မတို့ ဂျပန်ကို အလုပ်သမားပို့ဖို့ စလုပ်တော့မယ်။ အရင်ကဆို Work Permi နဲ့သွားတာ မရှိဘူး။ Student Permit နဲ့ပဲ သွားကြတာရှိ တယ်။ ဒါဟာ ပထမဆုံး Work Permit နဲ့စခေါ် တာလေ။ ဂျပန်ဆိုတော့ လူတိုင်းကလည်း စိတ်ဝင်စားတယ်။ ခွင့်ပြုပြီဆိုတာနဲ့ ကျွန်မတို့ကစလုပ်တော့မယ်”ဟု ကျောက်တံတားမြို့နယ်အတွင်းရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ အသက် ၅၆ နှစ်အရွယ် အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ရှင်းလင်းပြောကြားသည်။
ဂျပန်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံခြားသားအလုပ်သမား မြောက်မြားစွာအလုပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာအလုပ်သမားတစ်သောင်းကျော် အလုပ် လုပ်ကိုင်လျက်ရှိကြောင်း ဂျပန်ရောက်မြန်မာအလုပ်သမားအသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

No comments: