Pages

Sunday 22 May 2011

ကြိုးဖုန်းတစ်လုံး ခြောက်သိန်းခွဲဖြင့် ချပေးမည်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကျပ်၁၀သိန်းခွဲဖြင့် တပ်ဆင်အသုံးပြုပေးလျက်ရှိသော ကြိုး ဖုန်း များကို မေလ ၂၅ ရက်နေ့မှစ၍ ကျပ်ခြောက်သိန်းခွဲဖြင့် အလုံးရေ အကန့်အသတ် မရှိချပေးမည်ဖြစ်ကြောင်း နေပြည် တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအော်တိုတယ်လီဖုန်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဟုတ် က မေလ ၁၆ ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။
"တစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ချပေးတာပါ။ သက်ဆိုင်ရာဌာနတွေမှာ အရင်လျှောက်သလိုပဲ လျှောက်ရင် ရပါတယ်" ဟု ဆိုသည်။
ရန်ကုန်မြို့တော်တွင်ဖုန်းလျှောက်သည့် ဝန်ဆောင်မှု ပေးလျက်ရှိသော အသက် ၃၀ ကျော်အမျိုးသမီး တစ်ဦးက "ကြိုးဖုန်းလျှောက်ပေးတာကို ရပ်ထားတာ တစ်လကျော်ပြီ၊ ဈေးအပြောင်းအလဲ ဖြစ်မယ် ကြားလို့ပါ။ သူက သိပ်အရောင်း အဝယ်မဖြစ်ပါဘူး။ Hand ဖုန်းဈေးနဲ့ နှစ်ဆလောက်ကွာ နေတော့ သူ့ကို သိပ်မဝယ်ကြတော့ဘူး။ အခုဈေးကထက်ဝက် လောက်ချ ပေးတယ်ဆိုတော့ နည်းနည်း ပြန်အဝယ် လိုက်မယ် ထင်ပါတယ်" ဟု ၎င်း၏အမြင်ကို ခန့်မှန်းပြောဆိုသည်။
ယင်းကြိုးဖုန်းများလျှောက်ထားရာတွင် သန်းခေါင် စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် ဖုန်းလျှောက်လွှာ တစ်စောင် ရေး၍ အော်တိုအိတ်ချိန်းရုံးတွင် လျှောက်ထားရပြီး အနည်းဆုံး သုံးလအကြာတွင် ရရှိကြောင်း၊ ဈေးကွက်ပေါက်ဈေးမှာ ၁၁ သိန်းရှိကြောင်း ဖုန်းလျှောက်ထားသူများထံမှ သိရသည်။
ဖုန်းဈေးနှုန်းများ ကျသွားသဖြင့် ဖုန်းဘေလ်နှုန်း ထားများ ကောက်ခံရာတွင် ပြောင်းလဲမှုရှိ၊ မရှိမေး မြန်းရာ မြန်မာ့ဆက်သွယ်ရေး အော်တိုတယ် လီဖုန်းဌာနမှ အမျိုးသမီး ဝန်ထမ်း တစ်ဦးက "ဖုန်း ဆက်ခအပြောင်းအလဲ တော့မရှိပါ ဘူး။ စာထွက်ထားတာလည်း မရှိပါဘူး။ အရင်အ တိုင်းပဲ ပေးရမှာပါ" ဟု ပြန်လည် ဖြေကြားသည်။
ယင်းကြိုးဖုန်း လိုင်းများသည် ၁၉၈၈ခုနှစ်တွင် တယ်လီဖုန်း ရိုးရိုးလိုင်း အင်အား ၇၄,၈၅၅ လိုင်းရှိရာမှ ၂၀၁၀ ဩဂုတ်လတွင် ဒစ်ဂျစ်တယ်တယ်လီဖုန်း လိုင်းအင်အား ၂,၁၇၂,၄၃၄ လိုင်း အထိရှိကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက် နေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် တရားဝင်ထုတ်ပြန်ထားသည်။

No comments: