Pages

Thursday 6 October 2011

ကျူးဘားတွင် ကားဟောင်းပိုင်ရှင်များ ကားသစ်ဝယ်ခွင့်ရပြီ

(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၃၈ ( ၇ - ၁၃ ၊ ၁၀ ၊ ၂၀၁၁) mmtimes.

သက်တမ်းရင့် ပုဂ္ဂလိက ကားများကို ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် ယခင်သီတင်းပတ်က တွေ့ရစဉ်။
ဟားဗားနား - ကျူးဘားနိုင်ငံအစိုးရသည် ကားအရောင်းအ၀ယ်ဆိုင်ရာ ခွင့်ပြုချက်တစ်ရပ်ကို စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်လိုက်ရာ နှစ် ၅၀ က ခေတ်ဟောင်းကားများဖြင့်သာ ရောင့်ရဲ နေခဲ့ရသူများ ကားသစ် ၀ယ်ခွင့်များ ရရှိ လာကြသည်။
ကျူးဘားတွင် ၁၉၅၆ ခုနှစ် တော်လှန်ရေးမတိုင်မီက ထုတ်လုပ် သောကားများကိုသာ ရောင်းဝယ်ခွင့်ပြု ထားသည်။
သမ္မတရာအူးလ်ကက်စထရို၏ ပြုပြင် ပြောင်းလဲမှုတစ်ရပ်ဟု ယူဆရ သည့် ယခု ခွင့်ပြုချက်အသစ်သည် အစိုးရ၏ စီးပွား ရေးချုပ်ကိုင်မှုများ ပြေလျော့သွားမည့် အပြင် ပုဂ္ဂလိကပိုင် အသေးစားလုပ်ငန်း များလည်း ပိုမိုလုပ်ကိုင်လာနိုင်ကြမည် ဖြစ်သည်။
ကားဝယ်/ရောင်းလုပ်ငန်း၊ ပြည်တွင်းနေထိုင်သည့် ကျူးဘားနိုင်ငံ သားအချင်းချင်း ကားများ လှူဒါန်း ပေးကမ်းမှု၊ ကျူးဘားတွင် နေထိုင်သော နိုင်ငံခြားသားများနှင့် ကားလွှဲပြောင်း လက်ခံမှုတို့၌ ပိုင်ဆိုင်မှုကိစ္စများ ပိုမို လွယ်ကူသွားမည် ဖြစ်သည်။
ဥပဒေသစ်အရ အစိုးရနှင့် နှီးနွှယ်ရရှိထားသည့် ဒေါ်လာ၊ သို့မဟုတ် လဲလှယ် ခွင့်ရှိသည့် ပီဆိုငွေရရှိထားသူများသာ ၀ယ်ခွင့်ရသည့် ကားသစ်များကိုမူ သာမန်ပြည်သူများ ၀ယ်ခွင့်မရသေးပေ။
သို့သော် ၁၉၉၀ ပြည့်နှစ်မတိုင်မီက မိမိတို့လုပ်ငန်းဌာနများမှတစ်ဆင့် ဆိုဗီ ယက်နိုင်ငံလုပ် ကားများဝယ်ယူခဲ့သူ ထောင်ပေါင်းများ စွာတို့သည် ယင်းကား များကို ပြန်လည်ရောင်းချနိုင်ခွင့်ရှိသည်။
ယခုအစီအစဉ်သစ်မှာ ပြည်သူများ အတွက် အကောင်းဆုံးဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း၊ ကားသည် မရှိမဖြစ် အမှန်တကယ် လိုအပ်သော လူ့အသုံး အဆောင်ပစ္စည်းဖြစ်ကြောင်း၊ ဇိမ်ခံ ပစ္စည်းမဟုတ်ကြောင်း ရတနာပစ္စည်း လုပ်ငန်းပိုင်ရှင် အိန်ဂျယ်ဂါးရှားက ဟားဗားနားမြို့လယ်တွင် သူ၏ ဆိုဗီ ယက်ခေတ်ထုတ် မော့စ်ဗစ်ဆီဒန် ကားကို ထိုးရပ်လိုက်ရင်း ပြောသည်။
ယခုခွင့်ပြုချက်ဖြင့် အနုပညာရှင်များ၊ ဆရာဝန်နှင့် အားကစားသမားများ ၀ယ်ခွင့်ရသည့် ပိုမိုသစ်လွင်သော ကားများ ဈေးကွက်သို့ ရောက်ရှိလာကြတော့မည်။
၎င်းတို့သည် ပြည်ပနိုင်ငံများတွင် နိုင်ငံတာဝန်ဖြင့် နေထိုင်ကြသူများဖြစ်၍ ကားကို ပြည်ပမှ တင်သွင်းလာနိုင်ကြမည်ဖြစ်သည်။
ကျူးဘားနိုင်ငံတွင် နေထိုင်သည့် နိုင်ငံခြားသားများသည် ခွင့်ပြုချက် အသစ်ဖြင့် တစ်ဦးလျှင် ကားနှစ်စီးအထိ ၀ယ်ယူတင်သွင်းနိုင်ကြ မည်ဖြစ်သည်။
ကျူးဘားနိုင်ငံမှ နှစ်စဉ် လူ ၃၈,၀၀၀ ခန့် နိုင်ငံပြင်ပသို့ ပြောင်းရွှေ့သွားနေကြ ရာ ယခုအခါ ၎င်းတို့သည် မိမိပိုင် ကားများကို ရောင်းချခွင့်ရကြမည့်အပြင် မိမိ တို့၏ မိသားစုဝင်များအမည်ဖြင့် ပိုင်ရှင် အမည်ပြောင်းခွင့် ရကြမည်ဖြစ်သည်။
ကျူးဘား ပြည်သူအများစုသည် အိမ်ပိုင် ယာပိုင်များ ဖြစ်ကြသော်လည်း အခွန်ငွေပေးဆောင်ခြင်း မရှိကြပေ။ သို့သော် အစိုးရက အိမ်များကို လဲလှယ် ခွင့်ပေးထားပြီး ယနေ့အထိ ရောင်းချခွင့် မပြုပေ။
နေအိမ်များ ရောင်းချမှုဆိုင်ရာ ကြေညာချက်ကို ယခုနှစ်မကုန်မီ ထုတ်ပြန်ရန် ရှိနေသည်။

No comments: