Pages

Saturday 2 July 2011

အသံတိတ် အိပ်မက် ဆိုးများ၏ နောက်ကွယ်

news
အမှတ် မထင်ပါပဲ။ အဲဒီနေ့က သူ့ယောကျာင်္း နေမကောင်း လို့ လာပြတာ။ သူ့ယောကျာင်္း ကို သောက်ဆေး ပေးနေတုန်း ကျွန်မ အနားကို အသာတိုးတိုး ကပ်ပြောတယ်။ “ဆရာမ၊ ကျွန်မ ရာသီပြန်ဆင်း နေတာ တစ်လကျော်ပြီ” တဲ့။ တကယ်ကို အမှတ်မထင် ပေါ့ပေါ့ပါးပါး ပါပဲ။ သူ့နာမည်က ဒေါ်ငယ်တဲ့။ ကျွန်မ ဆေးခန်းမှာ မကြာခဏ လာပြနေကျ မိသားစုရဲ့ အိမ်ရှင်မ တစ်ဦးပါ။ သူ့သမီးတွေ ကလေးဘဝ ကတည်းက ကျွန်မက သူတို့ရဲ့ မိသားစု ဆရာဝန်လို ဖြစ်နေခဲ့တာ။ သမီးသုံးယောက် ငယ်စဉ်ကတော့ ကလေးတွေ ချူချာလို့ မကြာခဏ လာပြကြ တယ်။ နောက်ပိုင်းတော့ သူတို့လည်း တခြား ပြောင်းသွားပြီး ဝေးသွားခဲ့ တယ်။ ဟိုတလောကတော့ ဒီနားပြန် ပြောင်းလာလို့ ဆိုပြီး ဒေါ်ငယ်တို့ ဆေးခန်းကို ပြန်လာပြတယ်။
လာပြရတဲ့ အကြောင်းကတော့ သူ့ယောကျာင်္း မောမောနေလို့ ကျွန်မ အမျိုးသားနဲ့ လာပြတာ။ အမျိုးသားက နှလုံးနဲ့ သွေးကြော ခွဲစိတ်ကုဌာနက ဆိုတော့ စစ်ဆေးကြည့်ပြီး နှလုံးသွေး ကြောကျဉ်းတာတွေ့လို့ ဆေးကုပေး နေတာပါ။ သာမန် နှာစေးချောင်းဆိုး ဖျားနာတွေလည်း ပါတာပေါ့။ သမီး တွေကအရွယ်ရောက်နေကြပြီဆိုတော့ သူတို့လေးတွေရဲ့ မိန်းမကိစ္စတွေ လည်း ကျွန်မနဲ့ တိုင်တိုင်ပင်ပင်ပေါ့။ ဒေါ်ငယ်ကတော့ ဘာဆိုဘာမှမဖြစ် တာ။ တကယ့်ဒေါင်ဒေါင်မြည်။ အဲဒီလိုအခြေအနေမှာ ဒေါ်ငယ်က သူရာသီ ပြန်ဆင်းတာကို အမှတ်မထင် ပြောပြတယ်။ သူကရှက်တောင် နေသေး၊ ကျွန်မလည်း အပျိုပြန်ဖြစ် နေပြန်ပြီတဲ့။ သူ့ယောကျာင်္း အတွက် ဆေးထည့်ပေးနေတဲ့ ကျွန်မခေါင်းထဲ မှာတော့ အချက်ပြမီးတွေ လင်းခနဲ၊ လက်ခနဲပေါ့။
“ဟင်၊ ဒေါ်ငယ်က သွေးဆုံး ပြီးပြီလား” “ဟုတ်ကဲ့၊ ကျွန်မ သွေးဆုံးတာ ကြာပြီ” မိန်းမတွေ သွေးဆုံးပြီးမှ သွေးပြန်ဆင်းရင် အန္တရာယ် ရှိတတ်တယ် ဆိုတာ မြန်မာအမျိုးသမီး တော်တော် များများ မသိကြပါဘူး။ ဒီနေရာမှာ သွေးဆုံးတယ် ဆိုတာကို တိကျဖို့လိုပါ တယ်။ သွေးမှန်မှန် လာနေရာက ခြောက်လလောက် ထိမ်ပြီး ပြန်ဆင်း တာကို သွေးဆုံးပြီး ပြန်ဆင်းတယ်လို့ မခေါ်ပါဘူး။ သွေးဆုံးတယ်လို့ ပြောဖို့ အတွက် ရာသီမဆင်းတာ တစ်နှစ် တိတိ ဆက်တိုက် အနည်းဆုံးဖြစ်ရပါ မယ်။ ဒါကြောင့် ဒေါ်ငယ့်အသက်နဲ့ ရာသီမလာတဲ့ ကာလကို မေးရပါ တယ်။ သူအခု အသက်လေးဆယ့်ကိုး နှစ်ရှိပြီ၊ လေးဆယ့် ခုနစ်နှစ်လောက် ကတည်းက သွေးကစား သလိုဖြစ်ပြီး လုံးဝ သွေးမဆင်းတော့တာ တစ်နှစ် ကျော်ပြီတဲ့။ ယောကျာင်္းဖြစ်သူက လည်း နှလုံးမကောင်းလို့ အတူမနေ ဖြစ်တာလည်း ကြာပြီလို့ သိရတယ်။
ဒေါ်ငယ်က အမှတ်မထင်ပြော တာမို့ ကျွန်မလည်း သိပ်အသေးစိတ် မမေးတော့ဘဲ အဲဒါဆို မပေါ့နဲ့၊ အန္တရာယ်ရှိတယ်၊ အိုဂျီ (သားဖွား မီးယပ် အထူးကုဆရာဝန်) နဲ့ ပြပါဆိုတာ လောက်ပဲ ပြောပြခဲ့ပါတယ်။ ဒါပေမယ့် အိုဂျီနဲ့အမြန်ပြဖို့ မမေ့နဲ့လို့ တော့ အထပ်ထပ် သတိပေးခဲ့တယ်။ ဒီနေ့တော့ ရက်ချိန်းစေ့လို့ သူ့ ယောကျာ်း ဆေးခန်းလာပြတယ်။ သူ့ နှလုံးရောဂါအတွက် ကျွန်မအမျိုးသား နဲ့ လာပြတာပါ။ ဒါပေမယ့် အခါတိုင်း ပါလာနေကျ သူ့မိန်းမ မပါဘဲ သမီး အလတ်သာ ပါလာတာမို့ “ဒီနေ့ တော့ ဒေါ်ငယ်မပါပါလား” လို့ အမှတ်မထင် မေးလိုက်တာပါ။ သူ့ ယောကျာင်္းက “မငယ် ဆေးရုံမှာလေ” လို့ ပြန်ဖြေတယ်။ “ဟင်၊ ဘာဖြစ်လို့လဲ၊ ဘယ် ဆေးရုံမှာလဲ” “ဆရာမပဲ လွှတ်လိုက်တာလေ၊ သားအိမ်ခေါင်းကင်ဆာတဲ့” “အို” ကျွန်မရင်ထဲ မကောင်းလိုက် တာ။ ကျွန်မက သိလို့လွှတ်လိုက်တာ မဟုတ်ဘူးလေ။ သူကလည်း အမှတ် မထင် လာတိုင်ပင်လို့ အိုဂျီနဲ့ပြဖို့ပဲ ပြောလိုက်တာ။ တစ်ခုတော့ ကျွန်မ ကံကောင်းတာက ကျွန်မလူနာတွေ ဟာ ကျွန်မစကားကို နားထောင်ကြ တယ်။ ကျွန်မ ဆေးခန်းထိုင်သက် နှစ် ကြာလာတာနဲ့အမျှ လူနာတွေနဲ့ ကျွန်မ ဟာ မိသားစုလိုဖြစ်ပြီး အစစ ယုံကြည် ကိုးစားကြတယ်။
အဲဒါဟာ ကျွန်မ ကံကောင်းတာဖြစ်သလို၊ သူတို့တစ် တွေအတွက်လည်း ကံကောင်းတာပါ ပဲ။ ဆေးကုရာမှာ ဆရာဝန်နဲ့ လူနာရဲ့ နှစ်ကြာရှည်စွာ ယုံကြည်မှုတည် ဆောက်နိုင်ခြင်းဟာလည်း အဓိက အရေးကြီးပါတယ်။ ဆရာဝန်အပေါ် စိတ်ချယုံစားမှုဟာ တော်ရုံကျန်းမာရေး ပြဿနာတွေအတွက် အများကြီး အကျိုးရှိပါတယ်။ (ဆရာဝန်ဘက်က လည်း အားထားလောက်စရာ အရည် အချင်းရှိရမယ်ပေါ့)။ အခုလည်း ဒေါ်ငယ်ဟာ ကျွန်မ ပြောသလို သူ့ပြဿနာကို ဆိုင်ရာ မီးယပ်သားဖွား ဆရာဝန်နဲ့ သွားပြခဲ့ လို့ (အချိန်မီ) ရောဂါသိခွင့်ရခဲ့ပါ တယ်။ သူ့ယောကျာင်္း ပြောပြချက် အရ အဆင့် (၁) တဲ့။ တကယ်တော့ ဒီအချိန် သိရတာတောင် နောက်ကျ နေပါပြီ။ တကယ်ဆို မိန်းမသားထု အတွက် အန္တရာယ်ကြီးလှတဲ့ ဒီသားအိမ်ခေါင်း ကင်ဆာဟာ ကင်ဆာ ရောဂါရယ်လို့ မဖြစ်မီ နှစ်ပေါင်းများစွာ ကတည်းက ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲမှုတွေ စတင်ခြေကုပ် ယူနေခဲ့တာပါ။
အဲဒီလို အခြေအနေ မျိုးကို pap smear ဆိုတဲ့ သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေး မှုနဲ့ အစောကြီး ကြိုသိနိုင်တာပါ။ ဒါတွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အမျိုးသမီးတိုင်း အချိန်မီ စစ်ဆေးခံပြီး သိရှိ နိုင်ပါတယ်။ pap smear ရဲ့အဖြေ အဆင့်ဆင့်အလိုက် ဆက်လက် ဆောင်ရွက်နိုင်ခဲ့ရင် (အဲဒီ ကင်ဆာ မဖြစ်ခင် အကြိုအဆင့်မှာ သိနိုင်ခဲ့ရင်) ဒီလိုကင်ဆာ အခြေအနေအထိ ဆိုးဝါး စွာ ရောက်လာစရာ ဘယ်ရှိပါ့မလဲ။ ဒါ့ထက်ပိုပြီး အဲဒီကင်ဆာအဖြစ် တွန်းပို့သော အကြောင်းတရား များစွာ ကို ကာကွယ်တားဆီး နိုင်ခဲ့ရင် အကောင်းဆုံးပါပဲ။ သားအိမ်ခေါင်းကင် ဆာအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ HPV ဗိုင်းရပ်စ်ပိုး မျိုးစိတ်တချို့ကြောင့် ဖြစ်တာမို့ အဲဒီဗိုင်းရပ်စ် မျိုးစိတ်တွေကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးထိုးခြင်း အားဖြင့် ကင်ဆာမဖြစ်အောင် ကြိုတင် ကာကွယ်လို့ ရနေပါပြီ။ လိင်ဆက်ဆံ ဘက်များသူ၊ လိင်ကိစ္စ စောစီးစွာ ကြုံတွေ့ရသူတို့မှာ အဲဒီပိုး ကူးစက် ခံရဖို့ များပါတယ်။ အချို့အပျော်အပါး မကင်းသော ယောကျာင်္းများ၏ အိမ် ထောင်ဖက်များမှာလည်း စိတ်မချရ ပါ။ ယင်းပိုးတို့က လိင်အင်္ဂါကြွက်နို့ များ ဖြစ်စေတတ်ပါတယ်။
ဒီအကြောင်းတွေကို “အသံတိတ် အိပ်မက်ဆိုး” ဆိုတဲ့ ဇာတ်လမ်းတို လေးအဖြစ် ကျွန်မရေးဖွဲ့ပေးတာကို ဒါရိုက်တာ ကိုအောင်မိုးက မေသန်းနု၊ စိုးမိုးကြည်၊ ချစ်သုဝေ၊ ဂျင်းနီတို့ ပါဝင်သရုပ်ဆောင် စေပြီး MRTV-4 ကနေ မကြာခဏ ထုတ်လွှင့် ပြသ ပေးနေခဲ့ပါတယ်။ အဲဒီ ဇာတ်လမ်းရဲ့ နောက်ဆုံး ခန်းမှာ ရောဂါအကြောင်းသိကောင်း စရာတွေကို အိုဂျီပါမောက္ခ မမချယ်ရီ နဲ့ ချစ်သုဝေ၊ ဂျင်းနီတို့ မေးမြန်း ဆွေးနွေးကြတာဟာ ဇာတ်ရဲ့အနှစ်ပါ ပဲ။ ဇာတ်လမ်းဖြစ်လာအောင် ကျွန်မ က ရေးဖွဲ့သယ်လာသမျှတွေကို နောက်ဆုံးမှာ မမချယ်ရီက အားလုံး ရှင်းလင်းပြောပြပေးတာ သိပ်အဖိုးတန် ပါတယ်။ အမေးအဖြေတွေကို ကျွန်မက ချုပ်မထားဘဲ ချစ်သုဝေတို့၊ ဂျင်းနီ တို့ကို သူတို့သိချင်သမျှ လွတ်လွတ် လပ်လပ် မေးခိုင်းထားတာပါ။ မမ ချယ်ရီကလည်း ပညာရပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်လိမ္မာစွာ ရှင်းရှင်းလင်းလင်း ဖြေပေး ထားတာတွေဟာ ပြည်သူတွေ အတွက် တကယ်အကျိုး ရှိစေပါတယ်။ ကြောက်စရာ ကောင်းတဲ့ ဒီရောဂါကို စနစ်တကျ သတိနဲ့ ကာကွယ်နိုင်ဖို့ အသိပညာ ဗဟုသုတ တွေလည်းရစေပါတယ်။ ကာကွယ် ဆေးရဲ့ အကျိုးအာနိသင်၊ ထိရောက်မှု တွေကိုလည်း ရှင်းပြထားပါတယ်။ တကယ်တော့ ဒီကာကွယ်ဆေးကို ယောကျာင်္းနဲ့ မတွေ့မီအရွယ် မိန်းကလေး ငယ်တွေကို ထိုးပေးသင့် ပါတယ်။
အိမ်ထောင်ရှင် တွေမှာတော့ ဘာမှမဖြစ်မီ ကတည်းက မှန်မှန် papsmear စစ်ဆေးခံသင့်ပြီး၊ ကောင်းရင် အဲဒီကာကွယ်ဆေး ထိုးသင့်ပါတယ်။ တကယ်ထိုးသင့်ပြီး ထိထိရောက် ရောက်အကျိုးရှိမှာကအိမ်ထောင်မပြုမီ မိန်းကလေးငယ်တွေပါ။ အခြေအနေအရ ဘယ်သူတွေ ကို ဦးစားပေးမလဲဆိုရင် အမေနဲ့ သမီး နှစ်ယောက်အနက် တစ်ယောက် တည်း ထိုးနိုင်မယ်ဆိုရင် သမီးကို ဦးစားပေးထိုးသင့်ပါတယ်။ ဒါကြောင့် ဒေါ်ငယ့်သမီး အပျိုလေးတွေကိုလည်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးထားကြဖို့ ပြောပြလိုက်ရပါတယ်။ တကယ်ကို အမှတ်မထင် အဖြစ် အပျက်လေးတွေပါပဲ။ အကောင်းပကတိ၊ ဘာလက္ခဏာ မှမပြဘဲ ဒေါ်ငယ့်လို အဖြစ်မျိုးတွေ ဟာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမှတ်မထင်တွေ့နေရပါပြီ။ အဲဒီ အမှတ်မထင်အဖြစ်လေးတွေဟာ ကျွန်မ တို့နဲ့ အဝေးကြီးမှာ မဟုတ်တော့ပါ ဘူး။ လူတိုင်းသတိရှိသင့်ပါပြီ။ ကြိုတင် စစ်ဆေးတာ၊ ကာကွယ်တာတွေ လုပ် သင့်ပါပြီ။ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင် ထားတဲ့အဖြစ်အပျက်လေးတွေဟာ အမှတ်မထင်က စတာပါပဲ။
တလောက ကျွန်မဆီလာပြတဲ့ သားအိမ်ခေါင်းကင်ဆာ အဆင့်လွန် နေသူ မိန်းမတစ်ဦးအဖြစ်ကလည်း ရင်ထိတ်စရာပါ။ အပျိုကြီးဘဝမှာ မုဆိုးဖိုတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး မိန်းမ ကိုယ်မှာ ကြွက်နို့တွေ ပေါက်လာမှ ဆရာဝန် ပြဖြစ်တော့ လွန်နေပါပြီ။ ပိုရင်နာစရာ ကောင်းတာက သူ့ယောကျာင်္း ရဲ့ အရင်မိန်းမကလည်း သားအိမ်ခေါင်း ကင်ဆာနဲ့ ကွယ်လွန်ခဲ့ တယ်ဆိုတာ အခုမှသိရတာပါ။ အဲဒီယောကျာင်္း ကလည်း မိန်းမတွေသူ့ကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာ သိဟန်မတူပါဘူး။ အခုလည်း မိန်းမမှာ ဖြစ်တယ်ဆိုမှ ယောကျာင်္းလိင်အင်္ဂါ မှာလည်း ဒီလိုရှိတယ်လို့ သတိထား မိတယ်တဲ့။ အခု ဒီမိန်းမသေသွားရင်လည်း နောက်မိန်းမတွေယူပြီး ရောဂါပေးဦးမှာလားလို့ အဲဒီယောကျာင်္းကို မေးချင်စရာ ပါ။ မိန်းမတွေကလည်း မသိကြဘဲ အဲဒီမုဆိုးဖိုကို ပေါင်း သင်းကြဦးမှာလား။ မသိမှုတွေကနေ အသံတိတ် လူသတ် ရောဂါတွေကို ဖိတ်ခေါ်နေကြ ဦးမှာလား။ အသံတိတ် အိပ်မက်ဆိုးတွေကို ရပ်တန့်စေချင်ပါပြီ။
                                                                                                 အမရာ(ဆေး/၁)
 

No comments: