Pages

Tuesday 20 September 2011

ချိုင်းမည်းခြင်း

ယုံကြည်မှုကို ဖြစ်စေတဲ့အရာတွေထဲမှာ ချိုင်းကို ရဲရဲမြှောက်ခြင်းဟာလည်း အပါအဝင် ဖြစ်ပါတယ်။ ပျိုမေတိုင်း ချိုင်းကို ရဲရဲမြှောက်ဖို့ဆန္ဒသာရှိပြီး အခြေအနေ မပေးတဲ့အခါမျိုး ရှိတတ်ပါတယ်။ အကြောင်းရင်းက မည်းနေခြင်း၊ နံနေခြင်းကြောင့် ဖုံးဖိရတာတွေ လုပ်ရပါတော့တယ်။ ချိုင်းနေရာဟာ ခန္ဓာကိုယ်ပေါ်မှာ အလွယ်တကူ မမြင်နိုင်ပေမယ့် လက်မောင်းသားအလှကို ဖော်ပြတဲ့နေရာမျိုး၊ ကားလက်တန်းကို မြောက်ကိုင်ရတဲ့ အခါမျိုးမှာတော့ ချိုင်းနေရာဟာ လစ်ဟသွားတတ်ပါတယ်။
အဲဒီလိုအခါမျိုးမှာ ရပ်နေတဲ့သူအချင်းချင်း မမြင်နိုင်ပေမယ့် ထိုင်နေတဲ့ သူတွေ အတွက်တော့ ရှုခင်းဟာ မကြည့်ချင်ဘဲ မြင်သွားရတတ်ပါတယ်။ အဲဒီအခါမျိုးမှာ မဖြူဘဲ မီးသွေးဖြစ်နေရင်တော့ တိတ်တခိုးလေး မှတ်ချက်ချတာ ခံရတတ်ပါတယ်။
အကြောင်းအရင်း
ချိုင်းနေရာဟာ ခန္ဓာကိုယ်ပေါ်က အထိအတွေ့နူးညံ့ပြီး အထိမခံတဲ့ နေရာနုလေးတစ်ခု ဖြစ်ပါတယ်။
ချိုင်းမည်းရတဲ့အကြောင်းရင်းတွေထဲမှာ စိတ်မကောင်းတဲ့ အကြောင်းရင်း တစ်ခုကတော့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်တဲ့ အချက်ပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ ဆိုတာလဲ သိပ္ပံပညာအရ မရှင်းပြနိုင်သေးပါဘူး။ နောက်ထပ် အကြောင်းရင်းတစ်ခု ကတော့ ချိုင်းမွှေးရိတ်ခြင်းကြောင့် ချိုင်းမည်းရတာပါ။ ဒီအကြောင်းရင်းဟာ ပျိုမေတိုင်း မှားလေ့မှားထရှိတဲ့ အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ကိုယ်နဲ့ဓာတ်မတည့်တဲ့ ချိုင်းမွှေးလိမ်းတောင့်၊ စပရေးတို့ကြောင့် ချိုင်းမည်းရခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာလည်း ချိုင်းမည်းတတ်ပါ သေးတယ်။ ဒီအဖြစ်ဆန်းကိုလည်း သိပ္ပံပညာ၊ ဆေးပညာအရ မရှင်းပြနိုင်သေးပါဘူး။ ဘဇာဖြစ်နေဆဲ ပုစ္ဆာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
လူတိုင်းမဖြစ်ပေမယ့် လူတော်တော်များများ ဖြစ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ မယ်လနင်ဓာတ်တွေ ခန္ဓာကိုယ်က အထုတ်များတဲ့အတွက် ချိုင်းမည်းရတာပါလို့ တချို့က ဆိုပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ခန္ဓာကိုယ်ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလို့ ချိုင်းမည်းရတာဖြစ်ပါတယ်။
ဖြေရှင်းနည်း
၁။ ချိုင်းမည်းတာကို ဖြေရှင်းတဲ့အခါမှာ တစ်ချို့အိမ်ရှင်မတွေက ထုံးရေကြည်လေးနဲ့ သုတ်လေ့ရှိပါတယ်။ ရေချိုးပြီးစ အချိန်မှာလိမ်းလေ့ရှိပါတယ်။
၂။ ဖြစ်နိုင်လျှင် ချိုင်းမွှေးလိမ်းတောင့်တွေ မသုံးပါနဲ့။ အနံ့အသက်ကို ရေချိုးပြီး ဖြေရှင်းနိုင်ရင် ချိုင်းမွှေးလိမ်းတောင့်တွေ မသုံးစေချင်ပါဘူး။ တချို့ ချိုင်းမွှေးလိမ်းတောင့် တွေမှာ အမွှေးအနံ့တို့ ပါရှိတတ်ပါတယ်။ သုံးမယ်ဆို မိမိအသားအရေနဲ့ ဓာတ်တည့်တဲ့ ဟာကိုပဲ သုံးပေးပါ။
၃။ သံပရာသီးစိတ်အခွံနဲ့ပွတ်ပေးပါ။ ဒါပေမဲ့ တစ်ပတ်ကိုတစ်ကြိမ်ပဲပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ရေချိုးပြီးခါစ အချိန်မှာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
၎။ အလှကုန်တွေဖြစ်တဲ့ Whitening Lotion, creamတွေကို သုံးပေးပါ။ ဓာတ်မတည့်တဲ့ ဟာကို ရှောင်ပြီးသုံးပေးပါ။ တစ်ချို့အလှကုန်တွေနဲ့ ဓာတ်မတည့်တဲ့သူ တစ်ချို့ရှိတတ် ပါတယ်။ ဓာတ်မတည့်တဲ့ဟာ သုံးမိရင် ချိုင်းမည်းတာမဖြူဘဲ ပိုပြီးဆိုးရွားလာတတ်ပါတယ်။
၅။ နောက်ပြီး အရမ်းကို ကျပ်ထုတ်တဲ့အဝတ်အစားတွေမဝတ်ပါနဲ့။ ချိုင်းနေရာကို လေဝင် လေထွက်ကောင်းတဲ့ အဝတ်အစားမျိုးတွေ ဝတ်ပေးသင့်ပါတယ်။ ချိုင်းနေရာဟာလည်း ချွေးပေါက်တွေရှိတဲ့အတွက်ဖြစ်ပါတယ်။ အဝတ်အစားဟာ အရမ်းကျပ်ထုပ်နေတဲ့အခါ အဝတ်အစားနဲ့ ချိုင်းအရေပြားတို့ဟာ ပွတ်တိုက်မှုများပြီး လေဝင်လေထွက်မရတဲ့အတွက် dead cells တွေဖြစ်ကာ မည်းလာတတ်ပါတယ်။
၆။ ဗီတာမင် အီးအဆီဟာလည်း ချိုင်းကို ဖြူစေပါတယ်။
၇။ အုန်းဆီနဲ့လည်း ချိုင်းကိုလိမ်းနိုင်ပါတယ်။ အုန်းဆီဟာလည်း ချိုင်းမည်းတာ ပျောက်ကင်းစေနိုင်တယ်။
၈။ အာလူးကို ကြိတ်ပြီး ထွက်လာတဲ့အရည်နဲ့လည်း ချိုင်းကိုလိမ်းပေးပါ။ ဒါပေမဲ့ တစ်ပတ်တစ်ကြိမ်လောက်ပဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ကာကွယ်နည်း
၁။ ချိုင်းမွှေးရိတ်တာကိုရှောင်ကြဉ်ပါ။ အလွန်အကျွံမနှုတ်ပါနဲ့။
၂။ ရေမှန်မှန်ချိုးပေးပါ။ ရေဓာတ်လည်း မခြောက်ခမ်းပါစေနဲ့။ ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ပမာဏပြည့်ဝနေပါစေ။
၃။ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အလှကုန်မှန်သမျှ မသုံးပါနဲ့။
၎။ ရေချိုးတိုင်း ချိုင်းကို သေချာပွတ်သပ် သန့်စင်ပေးပါ။
ရှောင်ကြဉ်သင့်သည့်အချက်များ
၁။ အဝတ်အစား ကျပ်ကျပ်ဝတ်ပြီး အားကစားလုပ်တာကို ရှောင်ကြဉ်ပါ။
၂။ အလွန်အကျွံ ချိုင်းမွှေးလိမ်းတောင့်သုံးတာ ရှောင်ကြဉ်ပါ။ အထူးသဖြင့် ချွေးထွက်များတဲ့သူတွေ ပိုပြီးသတိထားရမှာ ဖြစ်ပါတယ်။
Ref : 8 Days

No comments: