Pages

Friday 23 September 2011

ကိုရီးယားသို့ မြန်မာအမျိုးသမီးလုပ်သား စေလွှတ်ရန် စီစဉ်



23/Sep/2011

E-Mail this article Printable Version

EPS စနစ်ဖြင့် မြန်မာအမျိုးသမီးများ ကိုရီးယားသို့ သွားရောက်နိုင်ရန်အတွက် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ ၄င်းနိုင်ငံသို့ မေးမြန်းစုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း အဆိုပါအေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က စက်တင်ဘာလ ၁၈ ရက်က ပြောသည်။ “တရားဝင် စေလွှတ်ဖို့အတွက် ဟိုမှာ ဘာအလုပ်တွေ လုပ်ရမလဲဆိုပြီး မေးထားတာတော့ ရှိတယ်” ဟု ၄င်းက ပြောသည်။
 ကိုရီးယား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးမှ ညွှန်ကြားရေးမှူးချုပ် Mr.Choi.Jung.In က EPS စနစ်ဖြင့် ကိုရီးယားသို့ သွားရောက်သောနိုင်ငံ ၁၅ နိုင်ငံတွင် မြန်မာနိုင်ငံမှလွဲ၍ အခြားနိုင်ငံများမှ အမျိုးသမီးများ လာရောက်အလုပ်လုပ်ကြကြောင်း၊ အမျိုးသမီးများသည် အမျိုးသားများထက် စာမေးပွဲအောင်ချက် ကောင်းသော်လည်း အလုပ်ရှင်များက အမျိုးသားများကိုသာ ပိုရွေးကြခြင်းကြောင့် အမျိုးသမီးဦးရေ နည်းပါးကြောင်း ပြောသည်။ “အမျိုးသမီးတွေက စာပိုတော်ပြီး အောင်ချက်ကောင်းပေမယ့် အမျိုးသားကို ရွေးတာများတော့ စာမေးပွဲအောင်ပြီး ကျန်တဲ့အမျိုးသမီးတွေလည်း များတယ်” ဟု ၄င်းက အလုပ်ရှင်များ၏ ရွေးချယ်မှုနှင့် စာမေးပွဲအောင်ချက် အနေအထားကို ပြောပြသည်။ ထို့ပြင် ကိုရီးယားတွင် အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ လစာနှင့် အခြားခံစားခွင့်များကို တန်းတူပေးထားပြီး အခြေခံလစာကိုလည်း အစိုးရက သတ်မှတ်ပေးခြင်းဖြစ်ကြောင်း၊ အကယ်၍ မြန်မာနိုင်ငံမှ အလုပ်သမား စေလွှတ်လိုပါက ကိုရီးယားဘက်မှ ဆက်သွယ်လာသည်ကို မစောင့်ဘဲ မြန်မာနိုင်ငံမှ စတင်ကမ်းလှမ်းရန် လိုကြောင်းလည်း ၄င်းကပြောပြခဲ့သည်။ ကိုရီးယားတွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ် အမျိုးသမီးများ အများဆုံးလာရောက် လုပ်ကိုင်ကြပြီး အမျိုးသမီး အလုပ်သမားများအတွက် လုံခြုံမှုရှိသည်ကို တွေ့ရသည်ဟု ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦးက ၄င်း၏အမြင်ကို အွန်လိုင်းမှ ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
E-Mail this article Printable Version

No comments: