Pages

Tuesday 21 June 2011

နေပြည်တော်နှင့် ရန်ကုန်တွင် GSM ဖုန်းများ အင်တာနက် စသုံးနိုင်ပြီ

E-mail Print
နေပြည်တော်နှင့် ရန်ကုန်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား အင်တာနက် တပ်ဆင် အသုံးပြုခွင့်ကို ယနေ့မှစတင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန် ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

GSM ဖုန်းပြောနေသူများ
“ရန်ကုန်နဲ့ နေပြည်တော် နှစ်မြို့မှာပဲ အင်တာနက် သုံးလို့ရမှာပါ။ GSM ဖုန်းမိတဲ့ နေရာတိုင်းမှာ သုံးခွင့်ပြုတာမျိုး မဟုတ်ပါဘူး” မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာတဦးက ပြောသည်။

ကျပ် ၅ သိန်းတန် GSM ဖုန်းများ ချထားပေးခွင့် လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိထားသော ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၊ E-Lite ကုမ္ပဏီနှင့် Asia Mega Link ကုမ္ပဏီများကလည်း GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်ပေးသော ၀န်ဆောင်မှုများ ယနေ့ စတင် လုပ်ဆောင်နေပြီဟု ပြောကြသည်။

“၅ သိန်းတန် GSM ဖုန်းကတ်တွေကိုတော့ ကုမ္ပဏီမှာပဲ ချက်ချင်း ကျပ် ၁ သောင်းသွင်းခိုင်းပြီး အင်တာနက်ကတ် ပြောင်းထုတ် ပေးလိုက်တယ်။ ၁၅ သိန်းတန် ဖုန်းတွေကတာ့ ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ သွားပြီး လျှောက်မှ အင်တာနက် တပ်လို့ရမယ်” ဟု ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ E-Lite ရုံးချုပ်မှ အကြီးတန်း ၀န်ထမ်းတဦးက ပြောသည်။

အင်တာနက် တပ်ဆင်ခအဖြစ် ကျပ် ၁ သောင်းပေးသွင်းရမည် ဖြစ်ပြီး အင်တာနက် အသုံးပြုခမှာ ၁ မိနစ်လျှင် ၄ ကျပ် ဖြစ်သည်။

GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်အသုံးပြုခွင့် ပေးလိုက်သောကြောင့် အင်တာနက် အသုံးပြုနိုင်သည့် ဖုန်းဟန်းဆက် များ ဈေးကွက်တွင် အရောင်းအ၀ယ်ကောင်းမွန် လှုပ်ရှားလာမည်ဟု ရန်ကုန်မြို့ရှိ Mr. Fone ဟန်းဆက် အရောင်းဆိုင် ၀န်ထမ်းတဦးက ပြောသည်။

“အင်တာနက် သုံးနိုင်တဲ့ ဟန်းဆက်တွေ ၀ယ်အား ထိုးတက်လာမယ် ထင်ပါတယ်။ ကျပ် ၅ သိန်းတန် 800 MHz ဖုန်းတွေမှာ အင်တာနက် သုံးခွင့်ပေးလိုက်တုန်းကလည်း အင်တာနက်သုံးနိုင်တဲ့ Huawai C8500၊ C8600 လို ဖုန်းမျိုးတွေ ချက်ချင်း ဆိုသလို ၀ယ်တဲ့သူ အရမ်းများလို့ ပစ္စည်းပြတ်တဲ့အထိ ဖြစ်သွားတယ်” ဟု လူကြီးမင်း ဖုန်းဆိုင်ဝန်ထမ်းတဦးက ဆိုသည်။

ရန်ကုန်မြို့ခံ တချို့က GSM ဖုန်းများတွင် အင်တာနက် အသုံးပြုခွင့် ပေးလိုက်သည်ကို ကြိုဆိုကြသော်လည်း နေရာကန့်သတ်ချက်ရှိမှုအပေါ် သဘောမကျကြကြောင်း ပြောဆိုကြသည်။

“ဘာပဲပြောပြော အင်တာနက်ကို ထိတွေ့ခွင့်ပေးတာကို တော့ကြိုဆိုတယ်။ ဒါပေမယ့် နေပြည်တော်နဲ့ ရန်ကုန်ပဲ သုံးခွင့်ပေးတာကိုတော့ မကြိုက်ဘူး။ အကုန်လုံး သုံးခွင့်ပေးသင့်တယ်။ နိုင်ငံတကာမှာလိုပဲ ဈေးပေါပေါနဲ့ ဖုန်းသုံး နိုင်အောင် လုပ်ပေးသင့်တဲ့အပြင် မြို့ရော တောပါမကျန် အင်တာနက် သုံးနိုင်အောင် လုပ်ပေးသင့်တယ်” ဟု ရန်ကုန် အခြေစိုက် ဧည့်လမ်းညွှန် တဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၀ ပြည့်နှစ်တွင် CDMA 800 MHz ဖုန်းများဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုခွင့် ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဖုန်းအလုံးရေ ၂ သန်းကျော်ရှိပြီး လာမည့် ၅ နှစ်အတွင်း GSM မိုဘိုင်းလ်ဖုန်း အလုံးပေါင်း သန်း ၃၀ ချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

No comments: