Pages

Saturday 4 June 2011

ရင်ခွင်မဲ့ ရှင်သန် ကြသူများ

“အမေ..”
အသက် တစ်နှစ်ကျော်မျှသာ ရှိသေးသော ကလေးငယ်သည် သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးကို နှုတ်မှ မပီမသ အသံလေးဖြင့် ခေါ်လိုက်သည်။ အသံမှာ မပီသသေးသော်လည်း ဘေးက ကြားရ သူတို့အဖို့ အမေ ခေါ်သံကို ကောင်းစွာ နားလည်နိုင်သည်။ တကယ်တော့ သူ့ရှေ့တွင် ရှိနေသူသည် သူ၏ မိခင်လည်း မဟုတ်။ သွေးသားတော်စပ်ခြင်း မရှိသော သူစိမ်းတစ်ဦးမျှသာ။ တစ်နည်းအားဖြင့် ဆိုရလျှင် ကလေး တို့ကို စောင့်ရှောက်နေရသည့် ဆရာမ တစ်ဦးမျှသာ ဖြစ်သည်။ အကြောင်း ကြောင်း ကြောင့် မိဘမဲ့ ဖြစ်ခဲ့ရသော ကလေးငယ် ၅၀ ကျော်သည် အခန်းထဲတွင် ကလေးတို့ ဘာသာဘာဝ ဆော့ကစားလျက် ရှိကြ သည်။ အချို့က လမ်းကို စမ်းတ၀ါးဝါး လျှောက်နိုင်ပြီ။ အချို့က လေးဖက် ထောက် သွားဆဲ။ အသက်တစ်နှစ်အောက် ခြောက်လ၀န်းကျင် ကလေးငယ်များလည်း ပါသည်။ အသက် တစ်နှစ်ကျော် များလည်း ပါသည်။ နှစ်နှစ်ကျော် သုံးနှစ်အရွယ်များလည်း ပါဝင်သည်။ ကလေး တို့သည် အသွင် သဏ္ဌာန် ပုံစံအားဖြင့်လည်း တစ်ဦးနှင့်တစ်ဦး တူညီခြင်း မရှိကြ။ အချို့က အသား ဖြူဖြူ၊ ၀၀ကစ်ကစ်။
 အချို့က အသားခပ်ညိုညို၊ သေးသေးသွယ်သွယ်။ လူမျိုးကလည်းစုံမည် ဖြစ်သည်။ နောက်ခံ မျိုးရိုး ဗီဇတို့ကလည်း စုံမည် ဖြစ်သည်။
သို့သော် တစ်ခုသော တူညီမှုကတော့ သူတို့အားလုံးတွင် အဖေ၊ အမေ ခေါ်စရာ မိဘ မရှိခြင်းသာ ဖြစ်ပါသည်။ “ကလေးအများစုကတော့ ဆေးရုံက ပို့ပေးတာပါ။ ကလေးကို လေးလ ကျော်တဲ့အထိ ဆေးရုံက စောင့်ရှောက်ထားတယ်။ အာဟာရ ပြည့်ဝအောင်၊ ကျန်းမာအောင် စောင့်ရှောက်ထားတယ်။ လေးလကျော်လို့ ကျန်းမာတယ်ဆိုရင် ဒီကိုပို့တယ်။ လေးလ ကျော်လို့မှ မကျန်းမာရင်တော့ ဆေးရုံမှာပဲဆက်ပြီး စောင့်ရှောက်ထားရတယ်”ဟု ရွှေဂုံတိုင် ကလေးပြုစုရေးကျောင်းမှ ဆရာမကြီးက ပြောပြခြင်း ဖြစ်သည်။
အသက် ၂၈ နှစ် ကျော်မှာ မိခင်ဆုံးပါးစဉ် ဘာနှင့်မျှမတူအောင် ထိခိုက်ခံစားဖူးသော ဆရာမကြီးသည် လူမှန်းမသိခင်မှာပင် မိဘမဲ့ရရှာသူတို့ကို စောင့်ရှောက်ပေးနေသည်။ သူတို့ အတွက် အလိုအပ် ဆုံးမှာ ပိုက်ထွေးယုယမှုသာ ဖြစ်သည်ဟုလည်း ပြောပြသည်။ ဆေးရုံမှာ မွေးဖွားပြီးနောက် မိခင်များက တိတ်တဆိတ် စွန့်ပစ်သွားကြသလို တချို့ ကလေးများ ကတော့ စွန့်ပစ်ထားတာတွေ့၍ ရပ်ကွက်က လာရောက် အပ်နှံကြခြင်း ဖြစ်သည်။ ကိုးလလွယ်၍ ၁၀ လဖွားခဲ့သော ကလေးတို့ကို စွန့်ပစ်ခြင်းတွင် နောက်ခံ အကြောင်းရင်းများစွာ ပါနိုင်ပါသည်။ မည်သို့ဖြစ်စေ ကလေးများစွာကတော့ မွေးကင်းစမှာပင် မိဘမဲ့အဖြစ်သို့ ရောက်ခဲ့ကြသည်။
မိဘမရှိရှာသော ကလေးတို့၏ အပြစ်ကင်းစင်သော မျက်နှာများသည် ဂေဟာကို အခါအားလျော်စွာ လာရောက်သည့် အလှူရှင်များ၊ လေ့လာသူများကို သနားလှုပ်ခတ်သော ခံစားမှုများ ဖြစ်ပေါ်စေသည်သာ ဖြစ်ပါသည်။ သူတို့သည် မြင်မြင်သမျှ လူတို့ကို မျက်လုံးဝိုင်းများဖြင့် စူးစမ်း ငေးမောတတ်ကြသည်။ အမေခေါ်ချင်လည်း ခေါ်တတ်ကြသည်။ သူတို့နှင့်အတူ ၀ိုင်းဖွဲ့ထိုင်မည် ဆိုလျှင်တော့ မိခင်၊ ဖခင်တို့ကို တွေ့ရသည့်ပမာ ဖက်တွယ်လျက် ကိုယ်ပေါ်ထိုင်တတ်ကြသည်။ ကလေးအများစုသည် ဆေးရုံမှာ မွေးဖွားပြီးနောက် မိခင်များက တိတ်တဆိတ် စွန့်ပစ်သွားကြသလို တချို့ ကလေးများကတော့ စွန့်ပစ်ထားတာတွေ့၍ ရပ်ကွက်က လာရောက် အပ်နှံကြခြင်း ဖြစ်သည်။ ကိုးလလွယ်၍ ၁၀ လဖွားခဲ့သော ကလေးတို့ကို စွန့်ပစ်ခြင်းတွင် နောက်ခံအကြောင်းရင်းများစွာ ပါနိုင်ပါသည်။ မည်သို့ဖြစ်စေ ကလေးများစွာကတော့ မွေးကင်းစမှာပင် မိဘမဲ့အဖြစ်သို့ ရောက်ခဲ့ကြပါသည်။ မိဘကစွန့်ပစ်သွားသော ကလေးတို့သည် မွေးကင်းစမှ အသက်သုံးနှစ် အထိ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးကျောင်းတွင် နေထိုင်ရသည်။ အသက် သုံးနှစ် ကျော်လျှင်တော့ အသက်သုံးနှစ်မှ ရှစ်နှစ်အထိ စောင့်ရှောက်ထားရာ ထောက်ကြန့် ကလေးပြုစုရေးကျောင်းကို ပြောင်းကြရသည်။ သုံးနှစ်မှ ငါးနှစ်အကြား ကလေးများက မူကြို တက်ရသည်။ နောက်တော့ အခြေခံပညာကျောင်းများသို့ ဆက်လက် တက်ရောက်ရပါသည်။ အသက်ရှစ်နှစ် ကျော်လျှင်တော့ ယောက်ျားလေး၊ မိန်းကလေး သီးခြား ကျောင်းများဆီသို့ ပြောင်းရွှေ့ရသည်။ ယောက်ျားလေးများက ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းမှာ နေထိုင်ရသည်။
မိန်းကလေးများကတော့ အမျိုးသမီး ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် နေထိုင်ကြရသည်။ ပညာ စတင်ဆည်းပူးခဲ့သော ကာလများ တစ်လျှောက် ကိုယ်တိုင် ပညာရေး စိတ်ဝင်စား သလို စာလိုက်နိုင်သော ကလေးများက ပညာတတ် ဘွဲ့ရများ ဖြစ်လာသည်လည်း ရှိသည်။ ပညာဆက်သင်ဖို့ မဖြစ်နိုင်တော့သူများ ကတော့ အသက်မွေးဝမ်းကျောင်း ပညာများကို သင်ယူကြရသည်။ ဘာပဲဖြစ်ဖြစ် ဘ၀လမ်းကို ဖေးကူသူတို့ အကူအညီဖြင့် စတင်ခဲ့ကြသူများတွင် ကြီးပြင်းရှင်သန်ရာ သက်တမ်းတစ်လျှောက် ရှင်သန်ပုံ ရှင်သန်နည်းကတော့ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပေ။ ဒီနေရာတွင် ကံပေါ်မူတည်သေးသည်ဟုလည်း ပြောနိုင်သလို ကြိုးစားအားထုတ်မှုနှင့် ဆိုင်သည်ဟုလည်း ဆိုနိုင်ပါသည်။ တကယ်တော့ ကလေးတို့၏ ဘ၀အစမှာကတည်းကပင် အများနည်းတူ ကလေးပြုစုရေးကျောင်းတွင် နေရာက တစ်နည်းတစ်ဖုံသော ဘ၀လမ်းကို ပြောင်းလဲ လျှောက်ခဲ့ရသူများလည်း ရှိခဲ့သည်။ အချို့သော ကလေးငယ်တို့သည် မိဘရင်းလို စောင့်ရှောက်ရန် မွေးစားခွင့် တောင်းခံရာတွင် ပါသွားခဲ့ကြသည်။ များသောအားဖြင့်တော့ မွေးစားမိဘများက ရွေးချယ်လျှင် ချစ်စရာ ရုပ်ရည်သန့်ပြန့်သူလေး တို့သည် နေရာရမြဲ ဖြစ်သည်။ မျက်နှာမြင် ချစ်ခင်ပါစေဆုနှင့် ပြည့်စုံသည် ဆိုရမလို သနားချစ်ခင်ဖွယ် ကလေးတို့သည် ကလေးမွေးစားရန် လာသူတို့က မျက်စိကျစေမြဲ ဖြစ်သည်။ တစ်နှစ် တစ်နှစ်တွင် ကလေးအချို့ မွေးစားကလေးများအဖြစ် ကျောင်းမှထွက်ခွာသွားခဲ့ကြသည်။ ဤနေရာတွင် အသစ်အသစ် ရောက်လာသူများလည်း ရှိဆဲ။ ကျောင်းတွင် သုံးနှစ်မျှ ခိုနားလိုက်၊ တစ်ဖန် ကျောင်းပြောင်းရွှေ့လိုက်နှင့် ပုံမှန် သံသရာလည်လျက် ရှိသည်။
“ကလေးတွေက သူတို့အနားမှာ ရှိနေတဲ့သူတွေကို အမေတွေလိုပဲ ကပ်တယ်။ ခင်တွယ်တယ်။ မိဘရင်ခွင်မှာ နေရတဲ့ကလေးတွေ မဟုတ်တော့ သူတို့ကို နွေးနွေးထွေးထွေး ဆက်ဆံ တာကို သိပ်သဘောကျပါတယ်”ဟု အသက် တစ်နှစ်အောက် ကလေးများကို စောင့်ရှောက်ပေးနေသူ ဆရာမလေးတစ်ဦးက ဆိုပါသည်။
မွေးကင်းစတွင် အကြောင်းကြောင်းကြောင့် မိဘက စွန့်ပစ်သွားသည့်အတွက် မိဘမဲ့ခဲ့သော ကလေးများ ရှိသလို ကလေးပေါင်းများစွာ တစ်ပြိုင်တည်း မိဘမဲ့ ဖြစ်ခဲ့သော ဖြစ်ရပ် တစ်ခုလည်း မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးပါသည်။ ဖြစ်စဉ်ကတော့ နာဂစ်မုန် တိုင်း ဖြစ်သည်။ နာဂစ်၏ ရိုက်ခတ်သော ဒဏ်ရာများသည် ကလေးများစွာ၏ စိတ်ထဲတွင် ထင်ကျန် နေရစ်ကြ သည်။ အချို့က အမိမဲ့သွားသည်။ အချို့က အဖမဲ့သွားသည်။ အချို့ကတော့ အမိရောအဖပါ မဲ့သွားခြင်း ဖြစ်သည်။ မွေးကင်းစကတည်းက မိဘ မမြင်တွေ့ဖူး သူတို့ထက် နာကျင်စရာ ကောင်းသည်ဟုပဲ ဆိုရမလို အိပ်မက်ဆိုးကို ကလေးတို့ ကြုံခဲ့ရသည်။ တစ်သက်လုံး ခိုလှုံခဲ့သော ရင်ခွင်တို့ ပျောက်ဆုံးခဲ့ရသည်။ အချို့ကတော့ နီးစပ်ရာ ဆွေမျိုးတို့၏ အရိပ်ကို ခိုလှုံကြသည်။ အချို့ကတော့ သက်ဆိုင်ရာက စောင့်ရှောက်သည့် နေရာများတွင် ရောက်သွားခဲ့ကြသည်။ အချို့ကတော့ မူရင်းဒေသမှ မြို့ကြီးများဆီ ခေါ်ဆောင်သူတို့နောက် လိုက်ပါသွားခဲ့ကြသည်။ ကောင်းမွန်စွာ စောင့်ရှောက်ခြင်း ခံရသူလည်း ရှိသလို အခွင့်အရေးယူကာ အလုပ်များ ခိုင်းစေခံခဲ့ရသူတို့လည်း ရှိခဲ့သည်။ မုန်တိုင်းသည် ကလေးပေါင်းများစွာကို နာကျင်မှုများ ပေးခဲ့ပါသည်။ ကမ္ဘာပေါ်တွင်တော့ အကြောင်းကြောင်းကြောင့် မိဘမဲ့ဖြစ်ရသူ ကလေးငယ် အရေအတွက်သည် တစ်ရက်လျှင် ထောင်ချီရှိနေသည်။ အာဖရိကတိုက် တစ်ခုတည်းတွင်ပင် တစ်နှစ်လျှင် ကလေးပေါင်း ၂၁ သိန်းမှာ မိဘမဲ့ ဖြစ်နေသည်။ ကမ္ဘာပေါ်တွင်တော့ လက်ရှိ မိဘမဲ့ ကလေးငယ်ပေါင်း ၁၄၃ သန်း ၀န်းကျင် ရှင်သန်နေထိုင်လျက် ရှိသည်။ စောင့်ရှောက်ရာ နေရာများမှာ နေထိုင်ရသူများ ရှိသည်။ မွေးစားမိဘများထံမှာ နေထိုင်ရသူများ ရှိသည်။ နှစ်စဉ် ကလေးပေါင်း ၂၅၀၀၀၀ ခန့်မှာ မွေးစားကလေးများ ဖြစ်သွားကြသည်။ သို့သော် ကလေးများစွာကတော့ အိမ်ဟုဆိုစရာလည်း မရှိ၊ အားကိုးရာလည်း မရှိဘဲ ရှင်သန်နေထိုင် နေကြရသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် အကြောင်းရင်း တစ်ခုခု သို့မဟုတ် အကြောင်းရင်းများစွာကြောင့် မိဘမဲ့ ကလေးများ ရှိနေရသလိုပင် မြန်မာနိုင်ငံတွင်လည်း မိဘမဲ့ကလေးများစွာ ရှိနေပါသည်။
ပုဂ္ဂလိက မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ဂေဟာတွင် ရောက်နေသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှ ကျောင်းများတွင် ရောက်နေသူများ၊ မိဘလို မွေးစားသူများ၏ စောင့်ရှောက်ခြင်း ခံနေရသူများ၊ အဆွေအမျိုးတို့ထံတွင် ခိုလှုံနေသူများ၊ ယခု အချိန်အထိ စောင့်ရှောက်သူမဲ့၊ ခိုကိုးရာမဲ့ ဖြစ်နေသူများ အသီးသီး ရှိနေသည်။ အမိရယ် အဖရယ် ခေါ်စရာမရှိသည့်ဘ၀တွင် စောင့်ရှောက်သူတို့ လက်၌ ကြီးပြင်းရခြင်းကတော့ ကံကောင်းခြင်းတစ်ရပ်သာ ဖြစ်ပါမည်။ ကလေးပြုစုရေးကျောင်းတွင် တွေ့မြင်ရသော ကလေးများကတော့ အပူအပင် ကင်းစွာ ဆော့ကစားဆဲ။ ဘ၀တွင် မိဘမရှိသည်ကိုပင် နားမလည် တတ်ကြသေးသော ကလေးငယ်တို့က အနီးရှိသူတို့ကို အမေများလို ထင်မှတ် ပြုံးပျော်ကြဆဲ။ အသေအချာကြည့်မည် ဆိုလျှင်တော့ စူးစမ်းတတ်သော မျက်လုံးကလေးများတွင် ဟာနေသော ကွက်လပ်ကလေးကို မြင်ရမည် ဖြစ်သည်။ မည်သို့ဖြစ်စေ ဖေးကူသူ တို့လက်တွင် ပန်းကလေးများ လှပစွာ ပွင့်လန်းလာပါစေဟုသာ ဆုတောင်းလိုပါသည်။

No comments: