Pages

Wednesday 22 June 2011

ကြိုး ဖုန်းများ နာရီပိုင်း အတွင်း ချထားပေးမည်

ရန်ကုန် မြို့တော် အတွင်းရှိ အိတ်ချိန်း ရုံးများတွင် ကြိုးဖုန်း များကို တစ်နေရာ တည်းတွင် နာရီပိုင်း အတွင်း ချထားပေးရန် ဝန်ဆောင်မှု ပေးနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (ရုံးချုပ်)၊ အင်ဂျင်နီယာချုပ်ရုံး (အော်တိုတယ်လီဖုန်း ဋ္ဌာန)မှ အကြီးတန်း အရာရှိတစ်ဦးက ဇွန်လ၂၁ ရက်နေ့တွင် The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
ရန်ကုန် မြို့တော်အတွင်းရှိ အိတ်ချိန်းတစ်ခုကို ၃ ရက်စနစ်ဖြင့် အလှည့်ကျ ချထားပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဖုန်းလာရောက် လျှောက်ထားသူ များ ထံမှ သိရသည်။
“ဇွန်လ ၂ဝ ရက်နေ့က စပြီး ဒဂုံ(မြောက်) မှာ စပေးနေပြီ၊
 တခြား အိတ်ချိန်းတွေမှာလည်း ပေးလိမ့်မယ်” ဟု အထက်ပါ အကြီးတန်း အရာရှိက ဆိုသည်။ ဗိုလ်ဆွန်ပက်လမ်းရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အိတ်ချိန်းရုံးတွင်မူ ယခုလအတွင်း ၂၃၊ ၂၄၊ ၂၇ သုံးရက်တွင် ယင်းဝန်ဆောင်မှု ပေးအပ်မည် ဖြစ်ကြောင်း ကြိုးဖုန်းငွေ ပေးသွင်းသည့်ရုံးမှ ဝန်ထမ်းများနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တရားဝင် ကြေညာစာများအရ သိရသည်။ အခြား အိတ်ချိန်းရုံးများတွင် မည်သည့်ရက်များတွင် One stop ဝန်ဆောင်မှု ပေးအပ်မည်ကိုမူ လမ်း၎ဝ ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (ရုံးချုပ်)၊ အင်ဂျင်နီယာချုပ်ရုံး (အော်တို တယ်လီဖုန်းဋ္ဌာန) နှင့် စာတိုက်ကြီး ဆက်သွယ်ရေးတို့က တာဝန်ခံ ဖြေကြားပေးခြင်း မရှိပေ။ One stop ဝန်ဆောင်မှုတွင် လျှောက်ထားရန် အချိန်နာရီပိုင်းသာ လိုအပ်ပြီး မှတ်ပုံတင်နှင့် ကြိုတင်သွင်းငွေ ၅ သောင်း အပါအဝင် ငွေကျပ် ၇ သိန်း ဖြင့် လျှောက်ထားနိုင်ကြောင်း ဖုန်းလျှောက် ထားသူ အချို့ထံမှ သိရသည်။
ပုံမှန် လျှောက်ထားလိုသူများ အနေဖြင့် လမ်း ၄ဝ ရုံးတွင် လျှောက်ထားနိင်ပြီး တစ်ပတ်အတွင်း ငွေသွင်းချလံရကာ ငွေသွင်းအပြီး တစ်ပတ်အကြာတွင် လိုင်းချိတ်ပေးကြောင်း ပြီးခဲ့သည့်အပတ်က ဖုန်းလိုင်း လျှောက်ထားခဲ့သူ အသက် ၆ဝ ဝန်းကျင်ရှိ သာကေတမြို့နယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးက ဆိုသည်။ ကြိုးဖုန်းများကို လိုင်း/ နံပါတ်ရှိသည့် အိတ်ချိန်း ဧရိယာများတွင် မေလ၂၃ရက်မှ စတင်၍ ၆သိန်းခွဲနှုန်းထားဖြင့် ချထားပေးလျက်ရှိပြီး လိုင်း/နံပါတ်မရှိသည့် ဧရိယာများတွင် လိုင်း/ နံပါတ်များ တိုးချဲ့ပေးပြီးမှသာ ဆောင် ရွက်ပေးနိုင်မည် ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (ရုံးချုပ်) တွင် တရားဝင် ထုတ်ပြန်ထားသည်။

No comments: