အတိတ်ကို ပြန်တမ်းတကြည့်ခြင်း
ငယ်စဉ်ကျောင်းသားဘဝ ကျူရှင်ဆိုတာဘာလဲလို့ အမှန်တကယ် မသိခဲ့ပါဘူး။ သိစရာလည်း အကြောင်းမရှိဘူးလေ။ ဆရာတွေကိုယ်တိုင်က
ကျွန်တော်တို့ကျောင်းသားဘဝတွေမှာ ကျူရှင်သင်ကြတာမဟုတ်ဘူး။ မသိ၊ မတတ်၊ နားမလည်ရင်အချိန်မရွေး၊ နေရာမရွေးလာမေးလို့ရတယ်ဆိုတဲ့ ဆရာတွေရဲ့စေတနာကို လေးစားနေမိတုန်းပါ။
ကျွန်တော် တက္ကသိုလ်ဝင်တန်းဖြေမယ့်နှစ်မှာ ပြင်ပကျူရှင်တွေ ခေတ်စားစပြုနေပြီ။ ကျွန်တော်တို့မြို့မှာ ကျူရှင်သင်တန်း တွေ လာဖွင့်တော့ သွားတက်မယ့်လူတွေတောင် သိပ်မရှိကြဘူး။ ရန်ကုန်က နာမည်ကြီးတွေဆိုပြီး လာဖွင့်ကြပေမယ့် နယ်မှာက ကျူရှင်ကို အတော်လေးစိမ်းနေကြသေးတယ်။ မယုံကြည်တာတွေလည်း ပါမယ်ထင်တယ်။
ကျွန်တော် တက္ကသိုလ်ဝင်တန်းဖြေဖို့ နှစ်လအလိုမှာ ကျောင်းထုတ်ခံလိုက်ရပါတယ်။ ကျွန်တော်နဲ့အတူ ယခုတပ်မတော်မှာ ဗိုလ်မှူးကြီးရာထူးနဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတဲ့သူငယ်ချင်းလည်း အဆစ်ပါသွားတယ်။ ကျွန်တော်တို့ကျောင်းထုတ်ခံရတာ အဲဒီနေ့က ကျွန်တော်တို့နှစ်ယောက် စာအုပ်တစ်အုပ်ဖတ်နေကြတယ်။ အဲဒီအချိန်မှာ စာသင်ခန်းထဲကို ဆရာကမရောက်သေးဘူး။ ဆရာက ပြတင်း ပေါက်ဘေးကနေ ကျွန်တော်တို့ကိုရပ်ကြည့်နေပြီး စာအုပ်ကို အခန်းအပြင်ကနေ ဆတ်ခနည်းဆွဲယူလိုက်မှ ဆရာ့ကို သတိပြုမိတော့တယ်။
ကျွန်တော်တို့ဖတ်နေတဲ့စာအုပ်က ဆရာမောင်ကိုယုရေးတဲ့ ‘‘ကမ္ဘာကျော်လျှောက်လွဲချက်များ’’ ဆိုတဲ့စာအုပ်ပါ။ ကျူးဘားက ခေါင်းဆောင်ကြီးကက်စထရိုရဲ့ တရားရုံးမှာ ရဲဝံ့ပြောင် မြောက်တဲ့ လျှောက်လဲ ချက်တွေကို ကျွန်တော်တို့ နစ်မြောနေတုန်း ဆရာက ကျွန်တော်တို့ စာအုပ်ကိုသိမ်းလိုက်ပြီး အ တန်း ရှေ့ထွက်လာခိုင်းလိုက်ပါတယ်။
ဆရာ့ဝေဖန်ပြစ်တင်ချက်တွေကတော့ အတော်လေးရင်နာစရာကောင်းပါတယ်။ ကျွန်တော်တို့ကို နိုင်ငံရေးစာအုပ် ဖတ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကျွန်တော်တို့ကလည်း ဘယ်လိုလျှောက်လွဲချက်တွေနဲ့ ပြန်ပြီးတုံ့ပြန်သည်ဆိုစေ ဆရာကလက်မခံပါဘူး။ ဆရာက ကျွန်တော်တို့ကို အပြစ်ရှိတယ်လို့ သတ်မှတ်တယ်။ ကျွန်တော်တို့က ဆရာမရောက်သေးချိန်မှာဖြစ်လို့ အပြစ်မရှိဘူးလို့ ဖြေရှင်းတယ်။ နောက်ဆုံး ‘‘ငါအပြစ်ပေးတာကိုခံမလား ကျောင်းအုပ်ကြီးဆီသွားမလား’’ ဆိုတာကို ကမ္ဘာကျော်လျှောက်လွဲချက် ဖတ်ပြီး မြောက် တောက်တောက်ဖြစ်နေတဲ့စိတ်နဲ့ ကျောင်းအုပ်ကြီးဆီမှာ အယူခံဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ကျောင်းအုပ်ကြီးက ကျွန်တော်တို့နှစ်ယောက်စလုံး ဆရာ့ကို ရှိခိုးတောင်းပန်လိုက်ဖို့ အမိန့်ချတယ်။ ကျွန်တော်က မတောင်းပန်နိုင်ဘူးလို့ပြောတော့ "မတောင်းပန်နိုင်ရင်ကျောင်းထွက်" ဆိုတဲ့ တစ်ချက်လွှတ် အမိန့်နဲ့ ကျောင်းထွက်ခဲ့ရပါတယ်။
ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းတွေနဲ့ ကျောင်းကထွက်လာပြီး အနီးမှာရှိတဲ့ ဘုရားရှိခိုးကျောင်း ကြီးထဲဝင်သွားမိတယ်။ ဘုရားရှိခိုးကျောင်းဝင်းထဲက အမှိုက်ကျင်းထဲမှာ အမှိုက်တွေ မီးရှို့ထားတယ်။ ကျွန်တော် အဲဒီအနားရောက်တော့ စိတ်ထဲမှာ ဘာဖြစ်သွားသလဲမသိဘူး။ လွယ်အိတ်ထဲက စာအုပ်တွေ အားလုံးကိုထုတ်ပြီး မီးရှို့ထားတဲ့ အမှိုက်ကျင်းထဲကိုပစ်ထည့်လိုက်တယ်။ မီးလောင်နေတဲ့ စာအုပ်တွေ တလှည့်၊ ကျောင်းကြီးကိုတလှည့်ကြည့်ပြီး ၀မ်းနည်းသလိုလိုဖြစ်နေမိတယ်။
နောက်တစ်နေ့မှာ ကျွန်တော်တို့ကို ကျောင်းထုတ်လိုက်ပေမယ့် စာမေးပွဲတော့ ဖြေခွင့်ပြုတယ်လို့ ဆရာတစ်ယောက်က လာပြောတယ်။ စာမေးပွဲလည်း မဖြေတော့ဘူး၊ ပညာရေးနဲ့ငါနဲ့ ဝေးပြီလို့တွေးရင်း ကျောင်းထုတ်ခံလိုက်ရလို့ ငိုနေတဲ့အမေ့အတွက် တစ်ညလုံး စိတ်မချမ်းမသာဖြစ်ခဲ့ရာက ပျော်သလိုလိုတော့ ဖြစ်သွားတယ်။
စိတ်ပြေလက်ပျောက် ရန်ကုန်ကိုသွားဖို့ အမေ့ဆီက ငွေ ၂၅ ကျပ်တောင်းပြီး မီးရထားနဲ့ထွက်လာခဲ့ တယ်။ ကျွန်တော် ရန်ကုန်ရောက်တိုင်း သွားလေ့ရှိတဲ့နေရာတွေကတော့ ပန်းဆိုးတန်းနဲ့၊ ဗိုလ်ချုပ်လမ်းပေါ် ရဲရင့်ရုံဘေးက စာအုပ်တန်းတွေပါ။ ပန်းဆိုးတန်းမှာရှိတဲ့ စာအုပ်အဟောင်းတန်းကိုလိုက်ကြည့်ရင်း စာအုပ်ပုံ ကြီးတစ်ပုံကိုတွေ့လိုက်တယ်။
ကျွန်တော်တို့တွေ့လိုက်ရတဲ့စာအုပ်တွေက ဘာသာစုံကို တက္ကသိုလ်ဆရာတွေက စုပေါင်းပြီးရေးထားတဲ့ စာအုပ်တွေပါ။ ပြီးတော့ လွန်ခဲ့တဲ့နှစ်က စာအုပ်အဟောင်း။ ဘာပဲဖြစ်ဖြစ် ဘာသာစုံပါတယ်။ ပြဋ္ဌာန်းချက်တွေလည်း အကုန်လုံးပါတယ်ဆိုတော့ ကျွန်တော်တို့ လမ်းဘေးကနေ အဲဒီခေတ်က တစ်အုပ် ၂ ကျပ် ထင်ပါတယ်။ ငွေ ၁၂ ကျပ်လောက်နဲ့ရင်းပြီး ဝယ်ခဲ့ကြတယ်။
အထူးထုတ်ဆိုတဲ့စာအုပ်တွေမှပါတဲ့ ရှင်းလင်းချက်တွေက ကျွန်တော် မီးရှို့လိုက်တဲ့မှတ်စုတွေနဲ့ မတူတာတော့ အမှန်ပဲဆိုတာ အပြန်လမ်းခရီး မီးရထားကြီးပေါ်မှာ တစ်အုပ်ပြီးတစ်အုပ် လှန်ကြည့်ပြီးမှ သိလိုက်ရတယ်။ လိုရင်းတိုရှင်း ရှင်းလင်းချက်၊ ဖြေဆိုရင် ဘယ်အချက်တွေအဓိကပါရမယ်ဆိုတာတွေက အစ တိတိကျကျလုပ်ထားပေးတယ်။ ဒီလိုစာအုပ်တွေ ရှိနေပါလားဆိုတာ အရင်ကမသိလိုက်ရတာကိုပဲ အံ့အားသင့်နေမိတယ်။
သူငယ်ချင်းနဲ့ ကျွန်တော်တို့နှစ်ယောက်သား မခံချင်စိတ်တွေ၊ နာကျည်းမှုတွေနဲ့ ကျွန်တော့်အိမ်မှာ နေ့တိုင်းစာစုကြည့်ကြတယ်။ ရန်ကုန်ကဝယ်လာတဲ့ မှတ်စုတွေဖတ်လေ့ကျင့်ပြီး တက္ကသိုလ်ဝင်တန်းကို ၀င်ဖြေကြတယ်။ အဲဒီနှစ်က ထူးထူးခြားခြား ကျွန်တော်တို့ အတန်းမှာ ကျောင်းသားပေါင်း ၅၈ ယောက်ရှိတာ ကျွန်တော်နဲ့ သူနှစ်ယောက်တည်း ‘က’ စာရင်းနဲ့အောင်တယ်။ ၁၉၇၃ ခုနှစ်လောက်က အဖြစ်လေးတွေကို ပြန်ပြောင်းအမှတ်ရလိုက်မိတာပါ။
ကျူရှင်ဆိုတာ
ကျူရှင် (Tuition) ဆိုတာကို နိုင်ငံရပ်ခြား စွယ်စုံကျမ်းကြီးတစ်ခုကတော့ ဒီလိုအဓိပ္ပယ်ဖွင့်တယ်။ ‘‘ကျူရှင်ဆိုသည်မှာ လမ်းညွှန်ခြင်း၊ သင်ကြားပြသပေးခြင်း၊ ထိုသို့ အထူးလမ်းညွှန် သင်ကြားပြသပေးသည့်အတွက် သင်ကြားလမ်းညွှန်မှုခံယူသူထံမှ အခကြေးငွေယူခြင်းဖြစ်သည်’’ လို့ ဆိုထားပါတယ်။
အခကြေးငွေယူတယ်ဆိုတော့ ယူတဲ့အခကြေးငွေနဲ့ လိုက်လျောညီထွေရှိမယ့် ဝန်ဆောင်မှုတွေကိုလည်း ပေးရပါလိမ့်မယ်။ သင်ကြားမယ့် သင်ရိုးကိုပြဋ္ဌာန်းပေးခြင်း၊ လက်တွေ့လုပ်ဆောင်နိုင်ရန် နေရာအခင်းအကျင်းများ သတ်မှတ်စီစဉ်ပေးခြင်း၊ ကွန်ပျူတာ၊ စာကြည့်တိုက်၊ သက်တောင့်သက်သာဖြင့် သင်ကြားမှု သင်ယူမှုပြုနိုင်စေရန် နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက်ပေးခြင်းဆိုတာတွေပါ နောက်ပိုင်းမှာပါလာတယ်။
သူတို့နိုင်ငံက ပညာရေးစနစ်မှာ အခပေးသင်ကြားရေးကိုသာ ဦးတည်တာများတာကြောင့် ကျူရှင်ဆိုတာကိုပညာရေးလို့ လက်ခံပေမယ့် အခကြေးငွေပေးပြီး ပညာသင်ကြားခြင်းလို့သာ နားယဉ်နေကြပါတယ်။ ကျူရှင်ကြေးဆိုတာ သူတို့ဆီမှာ ဒီလို သတ်မှတ်ကြတယ်။
သူတို့ဆီမှာ Cram school (Crammer) လို့ခေါ်တဲ့ ကျူရှင်ကျောင်းတွေ ရှိသေးတယ်။ ဒီကျောင်း တွေကိုတော့ ‘‘ကျူရှင်ဆိုသည်မှာ အထူးဖွင့်လှစ်ထားသည့် ကျောင်းများဖြစ်ပြီး ပန်းတိုင်တစ်ခုခုဆီသို့ အရောက်တက်လှမ်းနိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ တက္ကသိုလ်ဝင်တန်း၊ ဝင်ခွင့်စာမေးပွဲတစ်ခုခုကို အောင်မြင်စေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းများဖြစ်သည်’’ လို့လည်းတွေ့ရတယ်။ အင်္ဂလိပ်လိုကတော့ အရပ်သုံးဘန်းစကား "Cramming" ကနေလာတာပါ။ အချိန်တိုကာလတို အတွင်း ထိရောက်သည့် သင်ကြားလမ်းညွှန်မှုများဖြင့် များပြားလှသည့် သတ်မှတ်ချက် ပြဋ္ဌာန်း ချက်များကို လေ့လာသင်ကြားခြင်း သို့မဟုတ် သင်ယူခြင်းလို့လည်း ဖွင့်ဆိုကြပါသေးတယ်။
ရည်ရွယ်ချက်ကတော့ အချိန်တိုကာလတိုအတွင်း ဖြစ်ချင်ဖြစ်မယ်။ ရေရှည်ဖြစ်ချင်ဖြစ်မယ်။ တစ်ခုခုကို အောင်မြင်စွာကျော်ဖြတ်နိုင် ရေး ဦးတည်ချက်နဲ့ ဖွင့်တဲ့သူတွေက ဖွင့်ထားကြသလို၊ တက်သူတွေက လည်းတက်နေကြတဲ့ သင်တန်းကို ကျူရှင်လို့ဆိုကြတဲ့သဘောပါ။ ဒီတော့ သတ်မှတ်ကြေးပေးပြီး ပညာသင်ကြားနိုင်သလို၊ အပိုကြေး ထပ် ဆောင်းပြီးတော့လည်း လိုချင်တာကို ရအောင်ယူနိုင်တဲ့ပညာရေးဆိုပြီး နှစ်မျိုးခွဲခြားလို့ရမယ် ထင်ပါတယ်။
သူတို့ဆီမှာက ဘာမှအလကားမရဘူးလို့ဆိုရလောက်အောင် အရာရာကို ပေးသူနဲ့ယူသူ ထိုက်ထိုက် တန်တန်ပေးရသလို ထိုက်ထိုက်တန်တန်ပြန်ရအောင် အစီအစဉ်တွေချပေးထားတာလည်းတွေ့ရတယ်။ အစိုးရအနေနဲ့ ပညာရေးဆိုတဲ့ကဏ္ဍကို မနိုင်ဝန်အနေနဲ့ ဝန်ထုပ်ဝန်ပိုးကြီးထမ်းထားသလို မလုပ်ကြပါဘူး။ ပညာရေးဆိုတာ ပညာရှင်တွေရဲ့အရေး။ မင်တို့ချည်းပဲလည်း တတ်နိုင်တာမဟုတ်ဘူး။
ဒီတော့ ချမ်းသာတဲ့လူတွေကိုစည်းရုံး။ သူတို့က ကျောင်းအဆောက်အဦးတွေ ဆောက်ပေးမယ်။ မင်းတို့က ပညာပေး။ မျှမျှတတ တိုင်းပြည်ကောင်းစားအောင် ပညာရှင်တွေမွေးထုတ်ပေးကြ။ တို့ဘက်က ထောက်ပံ့သင့်သလောက် တော့ ထောက်ပံ့ပေးမယ်။ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုးပြီး တိုးတက်အောင်လုပ်ကြဆိုတဲ့မူနဲ့ သွားနေကြတာများပါတယ်။
မြန်မာနိုင်ငံနဲ့ကျူရှင်
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ လူတွေက ကျူရှင်လို့ နှုတ်ကျိုးနေပေမယ့် နိုင်ငံတော်ကတော့ ‘‘ဘာသာရပ်ကိုယ်ပိုင်သင်တန်း’’ လို့ပဲ ပြဋ္ဌာန်းထားတာတွေ့ရတယ်။ အဲဒီပြဋ္ဌာန်းချက်က ၁၉၈၄ ခုနှစ်က ထွက်ခဲ့ဖူးတဲ့ ‘‘ဘာသာရပ်သင်ကိုယ်ပိုင် သင်တန်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ’’ စာအုပ်မှာပါတဲ့အတိုင်း ကျွန်တော် သုံးနှုန်းလိုက်ရတာ ဖြစ်ပါတယ်။ ခုချိန်ထိ နောက်ပိုင်းပြင်ဆင်ချက်ဥပဒေမထွက်သေးတော့ ကျွန် တော် ဒီအတိုင်းပဲ သုံးစွဲလိုက်ပါမယ်။
ထိုဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကြည့်ရင်
‘‘ကိုယ်ပိုင်သင်တန်းဆိုသည်မှာ နိုင်ငံတော်က တည်ထောင်ဖွင့်လှစ်ထားသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်း၊ သင်တန်းတွင် သင်ကြားသောဘာသာရပ်ကိုဖြစ်စေ၊ နိုင်ငံတော်ကကြီးမှူးကျင်းပသည့် စာမေးပွဲတစ်ခုခုအတွက် သတ်မှတ်ထားသော ဘာသာရပ်ကိုဖြစ်စေ လူတစ်ဦး သို့မဟုတ် လူအများက ကိုယ်ပိုင်အကျိုးစီးပွားအလို့ငှာ သင်ကြားသည့်ဘာသာရပ်သင် ကိုယ်ပိုင် သင်တန်းကိုဆိုသည်’’ လို့ ပါရှိပါတယ်။
ဒါဆိုရင် ယနေ့ကာလ နိုင်ငံရပ်ခြားက ပညာရပ်ကြီးတွေ၊ ဘွဲ့တွေ၊ တက္ကသိုလ်ကောလိပ်ကျောင်းကြီးတွေကို တက်ရောက် သင်ကြားနိုင်ရန်အလို့ငှာ ကိုယ်ပိုင်သင်တန်းတွေ၊ ကျောင်းတွေဖွင့်ပြီး သင်တန်းတွေ ပေးနေတာနဲ့ပတ်သက်ပြီး ဘယ်ဥပဒေနဲ့ ဖွင့်လှစ်နေကြတယ်ဆိုတာ နားမလည်နိုင်လောက်အောင် ဖြစ်သွားရပါတယ်။
ဒီဥပဒေဟာ ၁၉၆၃ ခုနှစ် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် နည်းဥပဒေများကို ဖျက်သိမ်းပြီး၊ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကနေပြီးပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအသစ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့တိုင် ဒီဥပဒေကိုပဲ ကျူရှင်ဥပဒေတစ်ခုအနေနဲ့ လိုက်နာကျင့်သုံးနေကြသေးတယ်လို့ သိရတယ်။ ကျူရှင်ခယူတဲ့နှုန်းကို ပြင်ဆင်သတ်မှတ်တာကလွဲပြီး အခြားကြီးမားသော ပြောင်းလဲမှုတွေမရှိကြောင်း တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောကြားကြပါသေးတယ်။
၁၉၆၃ ခုနှစ်ကတည်းက ကိုယ်ပိုင်ကျောင်းဥပဒေကိုဖျက်သိမ်းခဲ့တာဆိုရင် တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံဘော်ဒါတွေ လက်ခံပြီး ကျောင်းသားကျောင်းသူတွေနဲ့ တရားဝင်သယောင်ယောင် မီဒီယာတွေမှာ ကြော်ငြာတွေထည့်နေတဲ့ စခန်းသွင်းဘော်ဒါ ဆိုတာတွေကလည်း တရားဝင် မဝင် စဉ်းစားသင့်တဲ့ကိစ္စတွေဖြစ်ပါတယ်။
ကျွန်တော် ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ဥပဒေပါ အခန်း (၄) တားမြစ်ချက်များဆိုတဲ့အခန်း၊ အမှတ်စဉ် ၁၆ မှာ ‘‘တည်ထောင်ဖွင့်လှစ်သူကဖြစ်စေ၊ သင်တန်းဆရာကဖြစ်စေ၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဘော်ဒါဆောင် ထားရှိခြင်းမပြုရ’’ လို့ ပါရှိနေတာကြောင့် ဖြစ်ပါတယ်။
ကိုယ်ပိုင်သင်တန်းဆိုသည်မှာ
ကိုယ်ပိုင်သင်တန်းနဲ့ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ အထက်မှာဖော်ပြခဲ့ပြီးပါပြီ။ ကိုယ်ပိုင်သင်တန်းနဲ့ပတ်သက်ပြီး အဆောက်အအုံ၊ နေရာထိုင်ခင်း၊ ပရိဘောဂတွေနဲ့ပတ်သက်ပြီးတော့ လည်း သတ်မှတ်ချက်တွေရှိပါတယ်။ သင်တန်းကျောင်းတစ်ခုဟာ
(၁) အနည်းဆုံး စတုရန်းပေ ၅ဝဝ၊ အမြင့် ၁ဝ ပေ၊ ကျောင်းသား ၄ဝ စာဖြစ်ရမယ်
(၂) လေဝင်လေထွက်ကောင်းပြီး၊ သင်ပုန်းကြီးနဲ့ သင်ထောက်ကူပစ္စည်းတွေပြည့်စုံရမယ်
(၃) တစ်ယောက်ထိုင်နဲ့ နှစ်ယောက်ထိုင် စားပွဲ၊ ကုလားထိုင်တွေ လုံလောက်စွာရှိရမယ်ဆိုတဲ့အချက်တွေကိုလည်း သွားတွေ့ရပါသေးတယ်။ ဒါပေမယ့် နယ်အပါအဝင် ရန်ကုန်ဆင်ခြေဖုံး အရပ်တွေမှာရှိတဲ့ ကျူရှင်ကျောင်းတွေကို သွားရောက်လေ့လာကြည့်တဲ့အခါ ၁ဝ ပေပတ်လည်လောက်ရှိတဲ့အခန်းထဲမှာ ဖြစ်သလို သင်နေကြတာတွေလည်း အများကြီးတွေ့ရတယ်။
အခြားပြဋ္ဌာန်းချက်တွေဖြစ်တဲ့ လေကောင်းလေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်ရေ သန့်ထားရှိရေး၊ သန့်သက်အိမ်သာများရှိရေးဆိုတာတွေကလည်း ဘယ်သူတွေက တာဝန်ယူပြီးစစ်ဆေးရမယ်ဆိုတာတောင် ယနေ့အထိ တိတိကျကျမသိသေးတာတွေ သွားတွေ့နေရပါတယ်။
သင်တန်းဆရာဆိုတာ
တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရရှိပြီးသူ သို့မဟုတ် ဆရာဖြစ်သင်တန်းအောင်မြင်ပြီးသူကိုသာ သင်တန်းဆရာလို့ သတ်မှတ် ထားပါတယ်။ အခန်း (၃) ကိုယ်ပိုင်သင်တန်းအတွက် လိုအပ်ချက်များ၊ အပိုဒ် ၁၁ မှာတော့ ‘‘တည်ထောင်ဖွင့်လှစ်သူနှင့် သင်တန်းဆရာသည် နိုင်ငံသားဖြစ်ရမည်’’ လို့ပါရှိပါတယ်။ ကျွန် တော်တွေ့မြင်နေရတဲ့ ကျောင်းတချို့မှာတော့ နိုင်ငံခြားသား/သူ ကိုယ်တိုင်သင်ကြားသည်ဆိုတာနဲ့ နိုင်ငံခြားမှ မစ္စတာဘယ်သူကိုယ်တိုင် ကြီးမှူးဖွင့်လှစ်သောဆိုတဲ့ အထိပါနေလို့ ဘယ်တုန်းကများ ဥပဒေကိုပြင်ဆင်လိုက်သလဲလို့တောင် ဇဝေဇဝါဖြစ်သွားရပါတယ်။
နောက်တစ်ချက်က ‘‘ဘွဲ့အတွက် နောက်ဆုံးနှစ်တွင် ဖြေဆိုခဲ့သောဘာသာရပ် သို့မဟုတ် ဆရာဖြစ်သင်တန်းတွင် ဖြေဆိုအောင်မြင်ခဲ့သော ဘာသာရပ်ကိုသာ သင်ကြားရမည်’’ ဆိုတဲ့အချက်ပါ။ ဒီအချက် ကိုကြည့်ရင် ဆရာဝန်တွေက သင်္ချာတွေ၊ အင်္ဂလိပ်စာတွေ၊ ရူပဗေဒတွေဝင်သင်တာမျိုး၊ ဝိဇ္ဇာဘွဲ့ရက ခပ်တည်တည်နဲ့ သိပ္ပံတွဲတွေတက်ပြနေတာမျိုးဟာ တရားမဝင်ဘူးဆိုတာ ထင်ရှားနေပါတယ်။
သင်တန်းဆရာတွေဟာ မှတ်ပုံတင်ထားတဲ့ သင်တန်းတွေမှာသာ သင်ကြားခွင့်ရှိတယ်။ သင်ကြားခွင့်ပြုထားတဲ့ ဘာသာရပ်ကိုသာ သင်ကြားရမယ်။ ဆရာရဲ့ဂုဏ်သိက္ခာနဲ့အညီ ဝတ်စားဆင်ယင်ရမယ်။ ပြောဆို သင်ကြားရမယ်။ သရုပ်ပျက်ဟန်အမူအရာများ မပြုလုပ်ရဘူး။ မဖွယ်ရာသောအသုံးအနှုန်းတွေ မပြောဆိုရဘူး။ နိုင်ငံရေး၊ ဘာသာရေးနဲ့ ပတ်သက်ပြီး မဟောပြောရဘူးဆိုတာတွေဟာလည်း လက်ရှိကျင့်သုံးကြရမယ့် ဥပဒေတွေဖြစ်နေသေးတာကြောင့် ကျူရှင်သင်စားမယ့်သူတွေ အလေးထားသင့်တဲ့ ကိစ္စတွေ ဖြစ် နေပါသေးတယ်။
သင်တန်းကြေး
ကိုယ်ပိုင်သင်တန်းကျောင်းတွေအတွက် ၁၉၈၄ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ သင်တန်းကြေးတွေကတော့
(က) တစ်ဘာသာလျှင် သင်တန်းကြေး တစ်လ ၁ဝ (ကျပ် တစ်ဆယ်တိတိ) သာ ကောက်ခံရမည်။
(ခ) နှစ်ဘာသာလျှင် သင်တန်းကြေး တစ်လ ကျပ် ၂ဝ (ကျပ် နှစ်ဆယ်တိတိ) သာ ကောက်ခံရမည်။
(ဂ) သင်တန်းကြေးမှအပ အခြားမည်သည့် ငွေကြေးကိုမျှကောက်ခံခြင်းမပြုရ
ဆိုတာတွေကတော့ ခေတ်နဲ့ပြန်ပြီး ချိန်ထိုးကြည့်ရင် လုပ်စားလို့မဖြစ်နိုင်လောက်အောင်ဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် သင်တန်းကြေးနဲ့ပတ်သက်ပြီး ပြင်ဆင်ချက်တွေထွက်ထားတယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောကြားပါတယ်။ ‘‘ဘယ်ရွေ့ ဘယ်မျှကောက်ခံရမယ်လို့တော့ မဟုတ်ဘူး။ သင့်တင့်မျှတ စွာ ကောက်ခံရမယ်လို့ပဲပါတယ်’’ ဆိုတာဟာ ခေတ်အဆက်ဆက် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာအောင်များဖြစ်နေမလားလို့ ယူဆရပါတယ်။
ယနေ့ ကျူရှင်ကြေးဆိုတာတွေက ဘာသာရပ်ကိုလိုက်ပြီးကောက်ခံနေသလို၊ သင်ကြားတဲ့ဆရာကိုလိုက်ပြီးတော့လည်း ကောက်ခံနေကြတာတွေ့ရပါတယ်။ သင်္ချာနဲ့ အင်္ဂလိပ်လိုဘာသာရပ်တွေကတော့ ထိပ်ဆုံးမှာရှိပြီး၊ နာမည်ကြီးသူတွေဆိုရင် သာမန် ကျူရှင်ဆရာတွေထက် ပိုပေးရဖို့ရှိတယ်။
ယနေ့သင်တန်းကြေးတွေဟာ ထောင်ဂဏန်းကနေ သောင်းဂဏန်း သိန်းဂဏန်း အထိပေါက်ဈေးရှိတာလည်း စိတ်ဝင်စားစရာတစ်ခု ဖြစ်ပါတယ်။
ဘာသာရပ်နဲ့ သင်ကြားချိန်
သင်ရိုးကုန်၊ ဘာသာစုံသင်ကြားနေတဲ့ ကျူရှင်ကျောင်းကြီးတွေမှာ နေ့တက်၊ ညတက်တွေအပြင် အချိန်ပိုင်းအလိုက် ဆင်းလိုက် တက်လိုက်လုပ်နေကြတာတွေ အများကြီးတွေ့နေရတော့ ဥပဒေကိုမသိလို့တော့ မဖြစ်နိုင်ဘူး။ လက်တစ်လုံးခြား လုပ်ချင်တိုင်းလုပ်နေကြတာပဲဆိုတာ အထင်အရှားတွေ့နေရပါသေးတယ်။
အခန်း (၄) အပိုဒ် ၂ဝ
(က) မှတ်ပုံမတင်ဘဲ မည်သူမျှ၊ ကိုယ်ပိုင်သင်တန်းဖွင့်လှစ်ခြင်းမပြုရ
(ခ) မှတ်ပုံတင်မရှိဘဲ မည်သူမျှ သင်တန်းဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ။
အခန်း (၄) အပိုဒ် ၂၁
‘‘ကိုယ်ပိုင်ကျောင်းကို မည်သူမျှ တည်ထောင်ဖွင့်လှစ်ခြင်းမပြုရ’’
ဆိုတဲ့ဥပဒေပါ ပြဋ္ဌာန်းချက်တွေကိုကြည့်ရင် ယနေ့ကိုယ်ပိုင်ကျောင်းယောင်ယောင်၊ နေ့ကလေးထိန်းကျောင်းယောင်ယောင်၊ နိုင်ငံတကာကျောင်းယောင်ယောင် လုပ်နေကြတာတွေကလည်း တရားဝင် မဝင်ဆိုတာတွေ ပြန်စဉ်းစားသင့်ပါတယ်။
မှတ်ပုံတင်ခြင်း
ကိုယ်ပိုင်သင်တန်းတည်ထောင်ဖွင့်လှစ်လိုသူ၊ သင်တန်းဆရာဖြစ်လိုသူတွေဟာ ဥပဒေအရ မှတ်ပုံတင်ခွင့်ရရှိဖို့ သက်ဆိုင်ရာကို လျှောက်လွှာတင်ကြရပါတယ်။
ခုချိန်မှာတော့ လိုအပ်တဲ့လျှောက်လွှာတွေ၊ သတ်မှတ်ထားတဲ့ပုံစံတွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေက လက်ခံဆောင်ရွက်ပေးနေကြောင်းသိရတယ်။ သတ်မှတ်ထားတဲ့ပုံစံတွေ၊ မှတ်ပုံတင်ကြေးတွေပေးသွင်းပြီးရင် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးတွေက လိုက်လံစစ်ဆေးပြီး လက်မှတ် တွေထုတ်ပေးကြောင်း သိရပါတယ်။
ဒီတော့ ကျွန်တော်နားလည်ထားတာက တည်ဆဲဥပဒေနဲ့ ကျူရှင်လို့ခေါ်တဲ့ ကိုယ်ပိုင်သင်တန်းတွေကို ခွင့်ပြုနေဆဲဆိုတာ သိရပေမယ့် ကိုယ်ပိုင်ကျောင်းတွေကိုတော့ မှတ်ပုံတင်ခွင့်ပေးတယ်လို့၊ ကိုယ့်သဘောနဲ့ကိုယ် သင်တန်းထောင် ကျောင်းထောင်ပြီး၊ သင်ချင်တာ သင်ခွင့်ရှိတယ်ဆိုတာမျိုး မကြားဘူးသေးတာ အမှန်ပါ။
အခန်း (၇) အထွေထွေ ကဏ္ဍ၊ အပိုဒ် ၃၁ မှာ
‘‘ဥပဒေကို ရှောင်လွှဲလိုသောရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်း၊ စာဖတ်ခန်း၊ ဆွေးနွေးပွဲ အစရှိသည့် အခြားအမည်အမျိုးမျိုး ဖြင့်ဖြစ်စေ၊ အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့်ဖြစ်စေ သင်တန်းကိုဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုလုပ်ရ။’’
အပိုဒ် ၃၂ မှာ
‘‘စာပေးစာယူသင်တန်းသဘောသက်ရောက်သော အဖြေစာအုပ်၊ အမေးအဖြေစာအုပ်စသည်များ ပြုစုဖြန့်ဝေခြင်း၊ ရောင်းချခြင်းကိုဖြစ်စေ အသံသွင်းကြိုးခွေ၊ ဗီဒီယို၊ ဖလင်၊ ဆလိုက် အစရှိသည်တို့ဖြင့် ပို့ချ ချက်များကို ဖြန့်ဝေခြင်း၊ ရောင်းချခြင်းကိုဖြစ်စေ လုံးဝမပြုလုပ်ရ။’’ ဆိုတဲ့ အချက်တွေကိုကြည့်ရင် မကြာခင်ကအသံတွေထွက်လာတဲ့ သတင်းစာသင်တန်းတွေကို မိမိသဘောနဲ့မိမိပေးမယ်ဆိုတဲ့ သူတွေလည်း သတိထားစရာဖြစ်ပါလိမ့်မယ်။
ပြစ်ဒဏ်များ
အခန်း (၅) ပြစ်ဒဏ်များကဏ္ဍ အပိုဒ် ၂၂ မှာတော့
‘‘မည်သူမဆို ပုဒ်မ ၉ အရ သတ်မှတ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သဖြင့် ပြစ်ဒဏ်စီရင် ခြင်းခံရလျှင် ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်ကျပ် သုံးသောင်းကို ကျခံစေရမည်’’ လို့ပါရှိပါတယ်။
ဒီတော့ ဥပဒေတစ်ခုဟာ ပယ်ဖျက်ပါတယ်လို့ မပြောမချင်း တရားဝင်နေသေးတယ်။ တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်လို့ရတယ်ဆိုတာ သိသင့်ပါတယ်။ ရှိတဲ့ဥပဒေကို ‘‘ငါတို့တော့ မသိပါလား’’ ဆိုပြီး လုပ်လို့မရပါဘူး။
ကြားလိုက်ရသော ကျူရှင်ခန်းဆီမှ အသံများ
ပြင်ပမှာဖွင့်ထားတဲ့ သင်တန်းတွေဟာ တက္ကသိုလ်ဝင်တန်းတွေအတွက် အများဆုံးဦးတည်ပြီး ဖွင့်ထားကြတာများတယ်။ ဈေးကွက်ဝင်အတန်းတွေလို့ ဆိုရပါလိမ့်မယ်။ ကျန်အတန်းတွေကတော့ အစိုးရစစ်သဘောမျိုးမဟုတ်ပေမယ့် သူ့ဈေးကွက်နဲ့သူ တွင်ကျယ်နေကြတာတွေလည်း ရှိပါတယ်။
အပြင်မှာ ကျူရှင်ဖွင့်စားတယ်ဆိုတယ် အပြိုင်အဆိုင်သူများတွေထက် ကြိုးစားနိုင်မှရပါတယ်။ အသင်အပြကောင်းခြင်း၊ အာဝဇ္ဇန်းကောင်းခြင်း၊ ကိုယ်သင်ပြရမယ့်ဘာသာရပ်ကို ပိုင်နိုင်ခြင်းဆိုတာတွေကတော့ Art လို့ခေါ်တဲ့ အနုပညာသဘောဆောင်တာကြောင့် ပြင်ပကျူရှင်တွေမှာ အောင်မြင်နေသူတွေကို ဘွဲ့တွေတစ်သီကြီးရထားတာနဲ့ ပိုင်းဖြတ်လို့မရတော့ပါဘူး။
‘‘သင်္ချာနဲ့ အင်္ဂလိပ်သင်နိုင်တဲ့သူတွေကတော့ Hop အဖြစ်ဆုံးလို့ဆိုရမယ်။ ဒီဘာသာရပ်တွေပဲ လာတက်ကြတာများတယ်။ ခုနောက်ပိုင်း ဘာသာစုံယူသူတွေရှားလာတယ်။ တစ်ဘာသာကို ၂၅ဝဝ ကျပ်နဲ့ ၃ဝဝဝ ကျပ်လောက်ယူတယ်။ တစ်လသင်တန်း ကြေးပေါ့။ ဒါပေမယ့် သုံးလတစ်ခါတည်းသွင်းထားရတယ်’’ လို့ဆိုပါတယ်။
ကျူရှင်ဈေးကွက်ဟာ တကယ့်ကိုစီးပွားဖြစ်လောက်အောင် ကောင်းတယ်လို့တော့ ပြောလို့မရပါဘူး။ ‘‘ကျူရှင်နဲ့ တကယ် စီးပွားဖြစ်တယ်ဆိုတာ ကျွန်တော်တို့မဟုတ်ဘူးဗျ။ သပိတ်ဝင်အိတ်ဝင်လုပ်နိုင်တဲ့သူတွေလို့ပြောရင် ပိုမှန်လိမ့်မယ်။ ခေတ်စကားနဲ့ ပြောရင် ရိုက်စားလုပ်နိုင်မှလို့ ဆိုရလိမ့်မယ်။ ကျွန်တော်တို့ဆီကိုလာတဲ့သူတွေက တတ်ချင်တာထက် အောင်ချင်တာများတယ်။ တစ်ပွဲထိုးအောင်ရင်ပြီးရောဆိုသူတွေကို ကျွန်တော်တို့က A to Z သွားသင်နေလို့ကတော့ တစ်လပြီးတာနဲ့ ပြေးမှာပဲ။ ဒီတော့ အတိုကောက်တွေ၊ မှတ်စုတွေ၊ ဖြစ်နိုင်ခြေတွေ၊ ဖြတ်လမ်းတွေနဲ့ သင်သင့်ရင် သင်ပေးရတယ်။ ဒီလိုသင်မှလည်း ရပ်တည်နိုင်မှာလို့ ယူဆပြီးသင်သူတွေရှိသလို သင်ရိုးပေါက်သင်ပြီး အောင်မြင်နေတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ရှားတယ်လို့ပြောရမလို ဖြစ်နေပြီ’’ လို့ နာမည်ကြီးကျူရှင်ဆရာတစ်ယောက်က ဆိုပါတယ်။
‘‘အရင်တုန်းကတော့ လက်ရှိကျောင်းတွေမှာ တက်နေတဲ့ကျောင်းသားတွေ အလာများတယ်။ နောက်ပိုင်းမှာ ပြင်ပဖြေကျောင်းသား အတော်လေးများလာတယ်။ ပြင်ပဖြေကျောင်းသားတွေကတော့ ဘာကြောင့်လာတက်တယ်တိုတာရှင်းပါတယ်။ သူ တို့မှာ အနီးကပ်သင်ပြပေးမယ့် ဆရာတွေမှမရှိတာ။ ဒါကြောင့် ကျူရှင်ကိုအားကိုးကြတာပေါ့။ ကျွန်တော်တို့ဆီမှာ ဆရာကမှ မသင်ပေးရင် ပြည့်စုံတယ်လို့ လက်မခံတတ်ကြဘူး။ ကိုယ်ပိုင် Self-study လုပ်တာတွေ ဒီမှာသိပ်ပြီး ခေတ်မစားဘူး။ လုပ်လို့ ရမှန်းတောင် မသိကြပါဘူး။ ဒါကြောင့်လည်း ကျူရှင်တွေ ရပ်တည်နိုင်တာပေါ့’’
တက္ကသိုလ်ဝင်တန်းဆိုတာကို ကျွန်တော်တို့ဆီမှာ တစ်ကြိမ်မှကျောင်းမတက်ဘူးရင် ဖြေခွင့်မရှိဘူး။ အနည်းဆုံး နိုင်ငံတော်က သတ်မှတ်ထားတဲ့ ကျောင်းတစ်ကျောင်းကျောင်းမှာ တက်ရောက်သင်ကြားဖူးသူတွေသာ ဖြေခွင့်ရှိပါတယ်။ ဒီကြားထဲက ကျွန်တော် ကြားနေရတဲ့ ကောလာဟလတွေလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာလာဖွင့်ထားတဲ့ အင်တာနေရှင်နယ်အမည်ခံ ကျောင်းတစ် ကျောင်းမှာ နှစ်ပေါက်တက်ပြီး ကျောင်းတစ်ကျောင်းကနေ တက္ကသိုလ်ဝင်တန်းကို ဝင်ဖြေခွင့်ရတယ်ဆိုတာပါ။
‘‘မူအရ ဖြစ်ကိုမဖြစ်နိုင်ဘူး။ ကျွန်တော်တို့ အခြေခံပညာကျောင်းတွေမှာ ကျောင်းလာမတက်တဲ့ကျောင်းသားကို သို့မဟုတ် တက္ကသိုလ်ဝင်တန်းမှာ ကျောင်းခေါ်ကြိမ်မပြည့်တဲ့ကျောင်းသားကို ကျွန်တော်တို့က ဖြေဆိုခွင့်ကို မပေးဘူး’’ လို့ တာဝန်ရှိပညာရေး ဝန်ထမ်းတစ်ဦးက ပြောဆိုသွားပါတယ်။
နောက်တစ်ချက် ကျွန်တော်နားမလည်နိုင်တာ ရှိပါသေးတယ်။ အခြေခံပညာကျောင်းတွေမှာ ကျောင်းခေါ်ကြိမ်ပြည့်အောင် မတက်သူတွေဟာ သတ်မှတ်ထားတဲ့ တက္ကသိုလ်ဝင်တန်းကို ဖြေဆိုခွင့်မရှိဘူးသာဆိုတယ် ဘာဖြစ်လို့ နိုင်ငံခြားကို မေးခွန်းတွေပို့ပြီး ဖြေခိုင်းနေကြသလဲဆိုတာကိုပါ။
ပညာရေးစနစ်သစ်က အဆင့်ဆင့်အကဲဖြတ်ခြင်းတွေ၊ အခန်းဆုံးစစ်ဆေးမှုတွေ၊ ကျောင်းခေါ်ကြိမ် ပြည့်မှုတွေ၊ ကုစားမှုတွေနဲ့ အမျိုးမျိုးကျောင်းသား ကျောင်းသူတွေရဲ့ အောင်မြင်စေရေးဦးတည်ထားပါတယ်။ မြန်မာနိုင်ငံမှာ ကျောင်းမနေဘဲ၊ မြန်မာနိုင်ငံမှာ နိုင်ငံတော်အစိုးရကဖွင့်ထားတဲ့ ကျောင်းတွေကိုမတက်ဘဲ တက္ကသိုလ်ဝင်တန်းက အစဖြေလို့ရတယ်ဆိုတော့ ကျောင်းခေါ်ကြိမ်မပြည့်လို့ တက္ကသိုလ်ဝင်တန်း ဖြေခွင့်မရဘူးဆိုသူတွေအပေါ် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမလဲ။
ကျောင်းသူကျောင်းသားတွေ ကျူရှင်တက်မှုနဲ့ပတ်သက်ပြီး ဘာကြောင့် ကျူရှင်ယူတာလဲ၊ သက်ဆိုင်ရာကျောင်းတွေက မသင်လို့လား။ သင်ကြားမှုတွေအပေါ် နားမလည်လို့လားဆိုတဲ့မေးခွန်းတွေကိုတော့ ကျောင်းသားအတော်များများက ဒီလိုဖြေကြပါတယ်။
‘‘ကျောင်းတွေက မသင်လို့မဟုတ်ဘူး။ သင်တယ်။ သင်တာမှ ပက်ပက်စက်စက်သင်တယ်လို့ တောင် ပြောလို့ရတယ်။ သင်ရိုးကုန် မကျန်အောင်ကိုသင်တာ။ ဒါပေမယ့် သမီးတို့လိုချင်တာက မေးခွန်း တွေမေးလာရင် ဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လို ဖြေမလဲဆိုတာမျိုးကိုလိုချင်တာ။ တက္ကသိုလ်ဝင်တန်းမှာ သင်္ချာမေးခွန်းတွေကို နောက်ပိုင်းမေးလာတာ Text ထဲကအတိုင်း မဟုတ် တာတွေများလာတယ်။ မေးခွန်းလှည့်တာတွေများလာတော့ များများလေ့ကျင့်လေကောင်းလေပဲလို့ ယူဆပြီး ကျူရှင်လာတက်တာ’’ လို့ ကျောင်းသူလေးတစ်ယောက်က ဆိုပါတယ်။
ကျူရှင်ဆရာတစ်ယောက်ကလည်း ‘‘သင်္ချာမေးခွန်းတွေဟာ GCE Level ဆိုတော့ နိုင်ငံတကာ မေးခွန်းစံတွေအတိုင်း နည်းနည်းစီပြောင်းလာတယ်လို့ သတိထားမိတယ်။ မေးခွန်းတွေကလည်း ပြည်နယ်နဲ့ တိုင်းအလိုက်မတူညီတော့ တစ်နှစ်စာမေးခွန်းတွေကို ပြန်ပြီးစီစဉ်ကြည့်လိုက်ရင် ထောင်ချီပြီးရှိသွားတယ်။ ကျွန်တော်တို့ကတော့ အဲဒီမေးခွန်းတွေကို စံထားပြီး ကျောင်းသားတွေကို အများဆုံးလေ့ကျင့်ပေးကြရတယ်။ အထိအတွေ့များလေ ဖြေနိုင်လေဖြစ်မှာသေချာတယ်’’ လို့ဆိုပါတယ်။
အင်္ဂလိပ်စာသင်တဲ့ ကျူရှင်ဆရာတစ်ယောက်ကတော့ ‘‘အင်္ဂလိပ်စာက သင်္ချာလိုမဟုတ်ဘူး။ ဒီမှာက Unseen ၂၅ မှတ်ဖိုးပဲမေးတာ။ ဒီတော့ Text ထဲကအတိုင်း ၇၅ မှတ်ဖိုး မေးနေသေးတယ်လို့ ဆိုရမယ်။ အဲဒီအမှတ် အစိတ်ဖိုးလည်း ကျွန်တော်တို့ ဘယ်လောက်သင်သင် ကျက်ဖြေနေကြတာများတယ်။ ဒီခေတ်ကလေးတွေက အတွေးထက် ကြက်တူရွေးလိုကျက်တာကို ပိုပြီးအားသန်ကြတယ်။ မကျက်ရင် မဖြေတတ်ဘူးဆိုတော့ ကျက်အောင်ပဲလုပ်ပေးနေကြရတာ။ အဆင်သင့် ခူးခပ်ပေးနေကြရတာ’’ လို့ပြောပါတယ်။
ကျူရှင်လာယူကြတဲ့ ကလေးအများစုကိုလေ့လာကြည့်ရင် နှစ်ပိုင်းရှိပါတယ်။ (၁) တော်ပြီးသား ဂုဏ်ထူးအများကြီးရအောင် သေချာချင်လို့၊ (၂) မတော်ဘူး။ အောင်ဖို့သက်သက် ဆိုတာတွေပါ။ ဆရာဝန် ဖြစ်ရေး၊ ဆေးကျောင်းတက်နိုင်ရေးအတွက်ဆိုပြီး ရည်မှန်းချက်တွေနဲ့ ကြိုးစားပြီးလာတက်ကြတာကတော့ အများဆုံးပဲ။ တက္ကသိုလ်ဝင်တန်းဆိုတာ ပညာရေးနဲ့ ဘဝအတွက်လွတ်မြောက်စရာ အချိုးအဆစ်တစ်ကွေ့လို့ ခံယူထားသမျှကတော့ ဒီတောင်ကိုကျော်နိုင်ဖို့ အတော်လေးမောနေကြရဦးမှာပါ။
မိဘတွေအပိုင်းကကြည့်ရင် ‘‘သားသမီးတွေ ဆယ်တန်းရောက်လာပြီဆိုရင် ကျွန်မတို့က ငွေပိုရှာဖို့ ပြင်ဆင်ထားကြရတော့တယ်။ သူတို့ကျူရှင်ဖိုးကို အဓိကထားပြီးရှာကြရတာပါ။ သူတို့လေးတွေ ဘဝ အတွက် အဆုံးအဖြတ်ပေးမယ့်ပွဲဆိုပြီး ကုန်ချင်သလောက် ကုန်ပါစေလို့ ရည်စူးထားကြတယ်။ အိမ်ကသမီး က ဘာသာစုံကျူရှင် မယူချင်ဘူး။ ကျွန်မတို့က သမီးကျွန်မတို့အပေါ် အားနာတယ် ထင်ပြီး အတင်းယူခိုင်း နေရတယ်။ သူက မလိုဘူးပြောလေ ကျွန်မတို့က စိတ်ပူလေပဲ။ ဘာသာစုံလောက်ဒီထွက်နိုင်မှ ဆေးလိုင်းက ကျိန်းသေမယ် မဟုတ်လား။ ကျွန်မတို့အမျိုးထဲမှာ ဆရာဝန်ဆိုတာမရှိသေးဘူး။ သမီးလေးကိုတော့ ဆရာဝန်ကြီးဖြစ်စေချင်တယ်"
"ဒါကြောင့်လည်း ဆယ်တန်းရောက်ကတည်းက အိမ်မှာဘာဆို ဘာမှမခိုင်းဘဲ ဖူးဖူးမှုတ်ထားရတော့တာပဲ။ တစ်နေ့ တစ်နေ့ မိုးလင်းမိုးချုပ် သူ့အလုပ်နဲ့ပဲ ကျွန်မဘဝကိုလည်း ပေးထားရတယ်။ မိုးမလင်းခင်နှိုး။ ကျောင်းမတက်မီ ကျူရှင်တစ်ခုပို့။ နောက် ကျောင်းကိုပို့။ ညနေကျောင်းလွှတ် ကျူရှင်တစ်ခုထပ်ပို့။ အိမ်ပြန်ထမင်းစားသောက်ပြီးတာနဲ့ Guide တစ်ယောက် လက်ထဲထပ်ထည့် ကျက်ခိုင်း၊ ဖြေခိုင်းနဲ့ သူ့ကို သနားတော့ သနားတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ဘာသာစုံ ဒီထွက်မှဖြစ်မယ်’’ လို့ သူတို့ရင်ထဲက ဆန္ဒတွေနဲ့ ဖြစ်သင့်တာ မဖြစ်သင့်တာ မချင့်ချိန်တော့ပဲ ဖြစ်ချင်တာတွေနဲ့ သူတို့ဘဝမှာ မဖြစ်ခဲ့တာတွေကို သမီးအပေါ် ပုံချပြီး ရုန်းကန်ခိုင်းနေကြပါလားဆိုတာတွေးပြီး ကလေးအတွက် ရင်လေးသွားမိတယ်။
မူလတန်းကျောင်းအုပ်ကြီးတစ်ယောက်က ‘‘ကျွန်တော်ကတော့ သားကိုကျူရှင်တွေ သိပ်မပို့နိုင်ဘူး။ သားကတက်ချင်တယ်။ ကျွန်တော်က မတတ်နိုင်တာ။ ဒါနဲ့ မိတ်ဆွေဆရာတွေဆီမှာသွားပြီး အကူအညီတောင်းရတယ်။ သူတို့က ခေါ်ပြီးအလကား သင်ပေးတယ်။ အဓိကကတော့ သချင်ာနဲ့ အင်္ဂလိပ်ပဲ။ ကျန်တာတွေက ကျောင်းကသင်တာနဲ့ရတယ်လို့ ပြောတာပဲ။ ကျွန်တော့်အနေနဲ့ သိပ်ပြီးတော့ သားကို မမှန်းပါဘူး။ သူက စစ်သားဖြစ်ချင်တဲ့အကောင်။ ဒါကြောင့် ဆယ်တန်းအောင်ရင် ဗိုလ်သင်တန်းဖြေမယ်ပဲ လုပ်နေတာ။ ဘာပဲဖြစ်ဖြစ်လေ ရည်မှန်းချက်တစ်ခုနဲ့လုပ်နေတာဆိုတော့ အောင်မြင်ဖို့သေချာတာပေါ့’’ တဲ့။
‘‘ဒီနှစ်ကျူရှင်ပေါက်ဈေးတွေက ထက်ဝက်လောက်ခုန်တက်သွားတယ်။ မနှစ်က ၁ဝဝဝ လောက်ပဲယူတယ်။ ဒီနှစ် ၂ဝဝဝ၊ ၂၅ဝဝ လောက်ဖြစ်သွားတယ်။ အားလုံးတက်လို့ လိုက်တက်တာဆိုရင်တော့ သဘာဝမကျဘူး။ လခတွေ၊ ရပိုင်ခွင့်တွေ တိုးလာတယ်ဆိုပြီး ငါတို့လည်း လိုက်တက်မှလို့လုပ်လာရင် တက်နိုင်သူနည်းသွားမယ်ထင်တယ်။ သတ်မှတ်ဈေးဆိုတာမရှိတော့ဘူး။ ညှိနှိုင်းဈေးသဘာမျိုး ဖြစ်လာတယ်။ ကျောင်းသားနဲ့ဆရာ ညှိပြီးယူနေကြတာတွေလည်းရှိပါတယ်။ ဒါပေမယ့် ၂ဝဝဝ လောက်ကတော့ များတယ်ထင် တယ်’’ လို့ မိဘတစ်ဦးက ရင်ဖွင့်သွားတာ ကြားလိုက်ရပါတယ်။
‘‘ဟုတ်တယ် ဒီနှစ်ဈေးနည်းနည်းတိုးယူတယ်။ ကျွန်တော်ကတော့ ၁၅ဝဝ လောက်ပဲယူသေးတယ်။ ဒါပေမယ့် ကျောင်းသား နည်းသွားတယ်။ ခါတိုင်း နွေဆိုရင် တစ်တန်းစာလောက် အသာလေးရတယ်။ ဒီနွေမှာ ၁ဝ ဆယ်ယောက်လောက်ပဲရတယ်။ ကျွန်တော့်အထင် ဈေးကြောင့်တော့ ဟုတ်မယ်မထင်ဘူး။ ဒီနှစ်က ကျူရှင်နဲ့ပတ်သက်ပြီး ကောလာဟလတွေကများတယ်။ စောင့်ကြည့် နေတာများလား’’ လို့ ကျူရှင်ဆရာ တစ်ယောက်က ဆိုပါတယ်။
‘‘ကျွန်တောက်ကတော့ ဝိုင်းတွေပဲ လိုက်သင်တာများတယ်။ ဝိုင်းဈေးက ဒီနှစ် ၂ဝဝဝဝ လောက် ပေါက်သွားတယ်။ တစ်ပတ်လေးရက်။ တစ်ရက် တစ်နာရီခွဲ။ တစ်ပတ် ၆ နာရီနှုန်းပေါ့။ အိမ်တွေလိုက်သင်ရတာဆိုတော့ ပိုက်ဆံရှိတဲ့ အသိုင်း အဝိုင်းကိုရောက်တာများတယ်။ သူတို့က မတတ်လို့ မတော်လို့ မဟုတ်ဘူး။ ပိုတတ်အောင် ပိုတော်အောင် ခေါ်သင်ကြတာ။ ကျွန်တော့် အနေနဲ့ တစ်ရက်ကို လေးဝိုင်း လောက်လှည့်ရတယ်။ ပိုက်ဆံကတော့ သုံးလစာကြိုတောင်းထားတယ်။ နေ့တိုင်းတော့မနားရဘူး။
အိမ်သွားသင်ရတာဆိုတော့ အလိုလိုက် အကြိုက်ဆောင်ပြီး လုပ်ပေးနေရတာတွေလည်းရှိတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ဆရာလို့တောင် မထင်တော့ဘူး။ သူတို့ကလည်း ကိုယ့်အပေါ်မှာ ငွေပေးခိုင်းနေပါလားဆိုပြီး သိပ်အလေးအနက်မထားတာတွေ ရှိလာတယ်။ ခေါ်တာတောင် ဆရာလို့ ပီပီပြင်ပြင်ခေါ်ကြ တော့တာ မဟုတ်ဘူး’’ လို့ အိမ်တွေမှာ စာလိုက်သင်နေရတဲ့ ဝိုင်းဆရာ လေးတစ်ယောက်က ရင်ဖွင့်သွားပါတယ်။
ကျွန်တော် ကျူရှင်အကြောင်းရေးတယ်ဆိုတာ ကျူရှင်ကျောင်းတွေရဲ့ အတွင်းရေးကို ဖွင့်ထုတ်ချင်တဲ့ဆန္ဒမရှိတဲ့အတွက် ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ချင်ပါတယ်။ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲနေလေတော့ အကျိုးရှိတဲ့လူအတွက်ကောင်းပြီး အကျိုး မရှိတဲ့လူတွေအတွက်ကတော့ မကောင်းဘူးလို့ ပြောချင်ပြောကြမှာ။ ကျွန်တော်တို့ ‘‘အတွင်းစည်း’’ ဘက်ကို နည်းနည်းလေး လှည့်ကြည်ကြရအောင်ပါ။
အတွင်းစည်းနဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
ကျွန်တော်တို့ငယ်စဉ်က ဆရာတွေအိမ်ခေါ်သင်တယ်ဆိုတာ ထမင်းတောင် မစားခဲ့ရသေးဘူးဆိုရင် ကျွေးမွေးတတ်တဲ့ ဆရာမျိုးတွေကို ကြုံတွေ့လာဖူးခဲ့သူတွေပါ။ ကျွန်တော်ကျောင်းသားဘဝမှာ သင်္ချာသိပ်ညံ့တာ။ ဆရာမက ကျွန်တော်ကို ကျောင်းပိတ်တဲ့ စနေ တနင်္ဂနွေနေ့တိုင်း အိမ်လာခိုင်းတယ်။ ကျွန် တော်လို အလားတူခပ်ညံ့ညံ့သမားတွေလည်း လာကြရတယ်။ တစ်ပြားမှပေးစရာ မလိုဘူး။ လာတာကိုပဲ ဆရာမကဝမ်းသာပြီး လက်ဖက်တွေသုပ်ကျွေး ပျော်ပျော်ပါးပါးစာသင်ကြတာ။
ငယ်စဉ်ကာလ ပြန်တမ်းတရတယ်ဆိုတာ အရသာတစ်ခုပါ။ ကျွန်တော်တို့ ကျောင်းသားဘဝက ကျောင်းပြန်လာပြီဆိုရင် လွယ်အိတ်ကို ချိတ်လိုက်ပြီး ဘောလုံးထွက်ကန်မယ်။ စက်ဘီးလျှောက်စီးမယ်။ သူငယ်ချင်းတွေနဲ့ကစားမယ်။ ညကျရင် ရုပ်ရှင် သွားကြည့်မယ်။ မိုးချုပ်မှ အိမ်ပြန်ရောက်လည်း ပြဿနာမရှိဘူး။ ဘာစာမှ လုပ်စရာမလိုဘူး။ ညကျရင် လျှောက်လည်ချင်လို့ အိမ်စာတွေကို ကျောင်းမှာလုပ်ခဲ့။ ကျက်စရာ စာတွေကိုလည်း ကျောင်းမှာရအောင်ကျက်ခဲ့ကြတာဆိုတော့ ကျောင်းအပြီးလွှတ်ချိန်ဟာ လွတ်လပ်ချိန် ကိုယ်ပိုင်အချိန်လို့ သဘောထားခဲ့ကြပါတယ်။
ဒီခေတ်ကလေးတွေကို ကျွန်တော်မြင်ရတာနဲ့ ရင်မောနေပါတယ်။ အထက်မှာဖော်ပြခဲ့သလို မနက် စောစောအိပ်ယာကထ၊ ကျူရှင်သွား။ ကျောင်းတက်။ ကျောင်းတက်ချိန်က ၉ နာရီ။ ဆရာကအချိန်ပိုဆိုပြီး ခေါ်ထားလို့ ၈ နာရီအရောက်သွားရတယ်။ ကျောင်းနေ့လည်မုန့်စားဆင်းချိန်မှာလည်း ၁၅ မိနစ်လောက်ပဲ အိမ်သာသွား၊ မုန့်စား၊ ထမင်းစား။ ပြီးရင် ဆရာကစာဝင်သင်တာတို့ အမှတ်ဖျက်တာတို့လုပ်ပေးနေလို့ အတန်းထဲမှာ အသင့်နေပေးကြရသေးတယ်။
ညနေကျောင်းဆင်းချိန် သတ်မှတ်ထားတာက ၃ နာရီ ၄၅ မိနစ်။ ဆရာက အချိန်ပိုထပ်ခေါ်။ ညနေ ၅ နာရီအထိကျောင်းမှာအချိန်ကုန်။ ၅ နာရီခွဲကနေ ရ နာရီအထိ ကျူရှင်တစ်ခုကို ပြေး။ အိမ်ပြန်လာ။ ရေချိုး၊ ထမင်းစား။ ၈ နာရီ ကနေ ၉ နာရီခွဲအထိ ဝိုင်းဆရာကလာပြီ။ ၉ နာရီထိုးပြီးလို့ ဝိုင်းဆရာပြန်ရင် ဂိုက် (Guide) ဆရာမက ထပ်ရောက်လာ။ မနက်ဖြန်အတွက်ပေးထားတဲ့ အိမ်စာတွေလုပ်။ စာကျက်။ ပြန်ဆိုပြ။ အိမ်ရှေ့မှာ သူတို့ကျတော့ မြဝတီကလာတဲ့ ချန်ဂင်တို့ ဂွီဒေါက်တို့နဲ့ ငြိမ့်လို့။ ငါ့မှာတော့ သေချင်စော်နံနေပြီ။ ကယ်ကြပါဦးလို့ အော်လိုက်ချင် လိုက်တာ။ အိပ်ချင်တယ်။ စာတွေကလည်းမပြီးသေးဘူး။ ဘယ်နှနာရီရှိသွားပြီလဲ။ ၁၂ နာရီတောင်ထိုးပြီ။ အမေ အိပ်ချင်ပြီ။ မနက် ၅ နာရီပြန်ထရဦးမယ်နော်။ နှိုးစက်ပေးထားဦး။
ကိုင်း ကျွန်တော်တို့ရဲ့ အနာဂတ်လေးတွေမှာ ဘယ်မှာလဲကိုယ်ပိုင်အချိန်နဲ့။ ကာယ၊ ဉာဏဖွံ့ဖြိုး ရေးအချိန်တွေ။ ကလေးတွေမှာ ကိုယ်ပိုင်အချိန်နည်းလာမှုနဲ့ပတ်သက်ပြီး ကျွန်တော်ဆရာကြီးတစ်ဦးက ‘‘ငါတို့ကျောင်းသားအားကစားပွဲတွေ ရပ်ထားရတာ အတော်လေးတောင် ကြာသွားပြီကွ။ မင်းတို့ခေတ်တုန်းကဆိုရင်ကွာ ကျောင်းကနေပြီး ဘောလုံး၊ ကြက်တောင်၊ ဘတ်စ်ကက်ဘော လက်ရွေးစင်တွေ ပြည်နယ်နဲ့ တိုင်းအဆင့်တွေအထိ တို့ကျောင်းကအရွေးခံကြရတာ။
ခုဘယ်မှာ ဒါတွေရှိတော့လို့လဲ။ ကာယဆရာက ကြက်တောင်မပြောနဲ့ ထုတ်ဆီးတိုးတာလောက်တောင် နားမလည်ဘူး။ ကစားကွင်းတွေကလည်း မင်း မြင်တဲ့အတိုင်း မရှိတော့ဘူးကွ။ စာသင်ဆောင်တွေလိုတယ်ဆိုပြီး တိုးချဲ့လေ ကစားကွင်းတွေပျောက်လေ ပေါ့။ ကစားကွင်းမရှိ၊ ကစားချိန်မရှိတဲ့ကျောင်းသားတွေနဲ့ တို့ရဲ့အားကစားလောကကြီးကို ကျောင်းတွေက နေပြီး ဘယ်လိုဖွံ့ဖြိုးအောင်လုပ်ပေးရမလဲလို့ ငါလည်းစဉ်းစားရင်းနဲ့ ပင်စင်တောင် ရသွားပြီ’’လို့ ဘဝတစ် လျှောက်လုံး ကျောင်းသားတွေကြားထဲမှာ အားကစားဆရာအဖြစ် တာဝန်ထမ်းဆောင်သွားပြီး အများ ချစ်ခင် လေးစားခံရတဲ့ ဆရာကြီးတစ်ယောက်က ပြောသွားတာဖြစ်ပါတယ်။
အတွင်းစည်းပေါက်
၁၉၉ရ ဝန်းကျင်တုန်းက ကျောင်းတွေမှာ အချိန်ပိုဆိုတာ ခေတ်စားလိုက်ပါသေးတယ်။ ဆရာ ဆရာမတွေ ပြင်ပမှာ ကျူရှင်မသင်ကြရအောင်နဲ့၊ တစ်ဘက်တစ်လမ်းကနေပြီး စားဝတ်နေရေးပြေလည်စေဖို့ ကျောင်းတွေမှာ အချိန်ပိုသင်ကြရပါတယ်။
စနစ်က မူလကျောင်းဆင်းချိန် ၃ နာရီခွဲမှာဆင်းတယ်ဆိုရင်။ ညနေ ၅ နာရီလောက်မှ ကျောင်းဆင်း ပေးပြီး လက်ရှိကျောင်းက ဆရာ ဆရာမတွေကိုပဲ အချိန်ပိုသင်ခိုင်းတဲ့သဘောပါ။ ဒီလိုအချိန်ပိုသင်ပေးရတဲ့အတွက် ကလေးတစ်ဦးစီကနေ အချိန်ပိုကြေးတစ်လကို ၁ဝ ကနေ ၁၅ အထိပြန်ကောက်တယ်။ ကျောင်းသားတွေ ကျောင်းလခပေးပြီး ပထမဦးဆုံးကျောင်းပြန်တက်ကြရတာလို့ ဆိုနိုင်ပါတယ်။
အတန်းစဉ်ကောက်ခံရတဲ့ ကျောင်းလခအချိန်ပိုကြေးတွေကို ကျောင်းအုပ်ဆရာကြီးတွေက ဆရာ ဆရာမတွေကို လကုန်ရင် ပြန်ခွဲပေးကြရတယ်။ လစာထက် အပိုဝင်ငွေလေးတွေရလာတယ်ဆိုပေမယ့် မိဘတွေနဲ့ ကျောင်းသားတွေက မကြည်ဖြူကြဘူး။ ကျောင်းသားတွေအနေနဲ့ ကျောင်းတွေမှာ တစ်နာရီလောက် အချိန်ပိုနေရတာကိုပဲ စိတ်ညစ်ညူးစရာတစ်ခုလို မြင်လာကြတယ်။ အိမ်ပြန်ချိန်နောက်ကျ။ ကျူရှင် ပြေးရတဲ့အချိန်ကမလောက်။ ပြီးတော့ကျောင်းတွေမှာ အချိန်ပိုဆိုတဲ့ကာလကို သင်ကြားပေးနေသူတွေက ဒါတွေချည်း အပ်ကြောင်းထပ်နေပြန်တော့ ညနေ ၅ နာရီမထိုးမချင်း ဝဋ်ဆင်းရဲခံနေရသလိုဖြစ်လာတယ်။
နောက်တစ်ပိုင်းက မြို့ပေါ်ကျောင်းကြီးတွေ၊ ကျောင်းသားအင်အားများတဲ့ ကျောင်းကြီးတွေမှာ ဆရာ ဆရာမတွေရဲ့ အချိန်ပိုကြေးက သောင်းဂဏန်းလောက်အထိရကြတယ်။ တောကျောင်းတွေက လူလေးဆယ်လောက်ပဲရှိတဲ့ မူလတန်းကျောင်းတွေမှာ ငွေတစ်ဆယ်ကို အာပေါက်အောင်ကောက်လည်း မပေးနိုင်တဲ့သူတွေကများလာတော့ ဆရာတွေ အချိန်ပိုကြေးနဲ့ ‘ထော’ နေပြီလို့ အပြောခံရတာချင်းအတူတူ ဆရာတိုင်းမဟုတ်ဘူးဆိုတာ သိသူအလွန်နည်းပါတယ်။ နောက်ပိုင်း ဒီစနစ်ပျက်သွားပါတယ်။
နိုင်ငံတော်အစိုးရက ဖွင့်ထားတဲ့ ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ ဆရာမတွေ ကျူရှင်မသင်ရဘူးဆိုတာ ပြဋ္ဌာန်းချက်၊ စည်းမျဉ်း၊ ဥပဒေထုတ်ပြန်ထားတာတွေရှိပါတယ်။ နှစ်တိုင်းလည်း ကျောင်းစာသင်နှစ်တစ်နှစ် စတင်လိုက်ပြီဆိုတာနဲ့ ထိုးလိုက်ရတဲ့ ဝန်ခံကတိတွေ နည်းမှမနည်းတာ။ ဒါပေမယ့် အဲသည်လိုဝန်ခံပြီးတိုင်း သူတို့လိုက်နာနိုင်ကြသလား။ ဒီနေရာမှာ ကျွန်တော်အနေနဲ့ အပိုင်း နှစ်ပိုင်း ခွဲပြီးပြောမှ တရားမျှတနိုင်မှာပါ။
အဆင့်မြင့်အပိုင်း
ကျွန်တော့်သားဟာ အလုပ်လုပ်ရင်း ဘွဲ့တစ်ခုရသွားပါတယ်။ စာပေးစာယူနဲ့ ဘွဲ့တစ်ခုရနိုင်တဲ့ခေတ်ဖြစ်လို့ ကောင်းပေမယ့် ကျွန်တော့်စိတ်ထဲ ဘဝင်မကျတာတွေထက် စိတ်မကောင်းဖြစ်မိတာတွေက အများကြီးပါ။
ပထမနှစ်ကတည်းက တက္ကသိုလ်ကိုသွားပြီး သတ်မှတ်ထားတဲ့ စာအုပ်စာတန်းကြေးတွေ၊ အခြားကြေးအမျိုးမျိုးတွေပေးပြီး အိမ်ကို စာအုပ်ထုပ်ကြီးတစ်ထုပ် ပြန်သယ်လာပါတယ်။ သူတို့ပြဋ္ဌာန်းနှစ်အတွက် ကြည့်ရ ဖတ်ရ လေ့လာရမယ့်ဘာသာရပ်တွေ၊ ပြဋ္ဌာန်းချက်တွေ။ အိမ်ရောက်လာပြီးကတည်းက သူ့ကုတင် အောက်မှာ ထိုးထည့်ထားလိုက်တဲ့ အဲသည်အထုပ်ကြီးကို သူပထမနှစ် ဖြေပြီးချိန်အထိ တစ်ချက်ကလေးတောင် ပြန်ပြီးကိုင်ပြီး မကြည့်ရှာပါဘူး။ ကျွန်တော်က မနေ နိုင်မထိုင်နိုင် အထုပ်ကိုဖွင့်ပြီး ကြည့်လိုက်တော့ ကျွန်တော်လိုချင်တဲ့ အချက်တွေ၊ ကျွန်တော်သိချင်တဲ့အချက်တွေကို အံ့ဩဖွယ်ရာ သွားတွေ့လိုက်ရပါတယ်။ တကယ့်ကိုကောင်းတဲ့ စာပေပြဋ္ဌာန်းချက်တွေပါ။ ဒါပေမယ့် သူတို့ဘာကြောင့် ဒီစာအုပ်တွေကို မကိုင်သလဲ။
သူတို့လည်း တက္ကသိုလ်အဆင့်ကြီးတွေမှာ ကျူရှင်အားကိုးနဲ့ နှစ်တွေပေါက်ပြီး နောက်ဆုံး ကျူရှင်နဲ့ပဲဘွဲ့ရတဲ့အထိ ဖြစ်သွားတာ သတ်မှတ်ချက်တစ်ခုလား၊ နောက်ဆက်တွဲ ပြဋ္ဌာန်းချက်လားဆိုတာကို ကျွန် တော်မရှင်းဘူး။
‘‘ကျူရှင်ရောဂါဟာ တက္ကသိုလ်ကောလိပ်တွေအထိရှိတယ်။ ဒါနဲ့ လုပ်စားနေကြတာ အများကြီး။ ဒါနဲ့တိုက်ဆောက် ကားစီးသွားကြတာတွေလည်း အများကြီး။ ဒါပေမယ့် လူတိုင်းလားဆိုတော့ မဟုတ်ဘူး။ ကျူရှင်သင်မစားဘူုးဆိုပြီး မာနနဲ့တင်းခံ နေတဲ့သူတွေလည်း အများကြီး။ ဒါပေမယ့် ကြာတော့ ဘာဖြစ်လာသလဲသိလား။ မိုးခါးရေသောက် ဇာတ်လမ်းလိုဖြစ်လာတယ်။ တချို့ကတော့ မာန်တင်းပြီး ဒီလောကကိုပါ စွန့်ထွက်သွားကြလို့ နစ်နာဆုံးရှုံးမှုတွေအများကြီး။
နောက်ပြီး ဘယ်လောက်အထိ တင်းခံနိုင်မလဲဆိုတာကလည်း စိန်ခေါ်ချက်ကြီးလေ’’လို့ တက္ကသိုလ်ဆရာတစ်ဦးက ပြောပြပါတယ်။ သူကိုယ်တိုင်လည်း ယနေ့အထိ ကျူရှင်မပြောနဲ့ ကျောင်းသားတွေ လက်ဖက်ရည်ဆိုင်မှာ စာလိုက်မေးတာတောင် စာသင်ခန်းထဲရောက်မှ ပြောမယ်လို့ အင်မတန် စည်းကမ်းတင်းခဲ့သူဖြစ်ပါတယ်။
‘‘ခင်ဗျားက ဆရာတွေကျူရှင်ပြစားနေတာပဲဆိုပြီး အထင်သေးကောင်းသေးမယ်။ ဘယ်လောက်ရာခိုင်နှုန်းများရှိမှာမို့လို့လဲ။ တကယ်တော့ နည်းနည်းလေးပါဗျာ။ ဒါပေမယ့် ငါးခုံးမတစ်ကောင်ကြောင့်လည်း တစ်လှေလုံးပုတ်ရတယ်ဆိုတာရှိတာပဲ။ ၁ဝဝ မှာ ၉၉ ယောက်က မလုပ်ဘူးထား။ တစ်ယောက်ကလုပ်လည်း လုပ်တာပဲဆိုတော့ အားလုံးမလုပ်နိုင်အောင် စီစဉ်မှဖြစ်တော့မှာ။ လူတွေကလည်း ခက်တယ်ဗျ”
“ကျင့်ဝတ်နဲ့ကိုယ်ကျင့်တရားထက် ဥပဒေကိုပဲကြောက်တတ်ကြတာ။ ဥပဒေတောင် လက်တစ်လုံးခြား လုပ် နေကြတော့ အရေးယူမှုဆိုတာတွေ လုပ်ကိုလုပ်မှ ကြောက်တာ။ ဒီမှာတော့ စံအနေနဲ့ အရေးယူမှုတွေရှိနေပြီလို့ သိရတယ်။ တကယ်လုပ်သူတွေကို တကယ်ဖော်ထုတ်ပြီး အရေးယူပြလိုက်စမ်းပါ။ ဘယ်လောက်ခံနိုင် မှာလဲ။ ကျွန်တော်ကတော့ ထိထိရောက်ရောက် အရေးယူသင့်ပြီထင်တယ်။ အားလုံးနာမည်ပျက်ရတယ်ဗျာ’’ လို့ စိတ်မကောင်းစွာပြောပါတယ်။
အခြေခံအပိုင်း
ဒီအပိုင်းကတော့ ကျွန်တော်အားလည်းနာနာ၊ စိတ်မကောင်းစွာနဲ့ ပြောရမှာ။ ကျွန်တော် နယ်က နာမည်ကြီးကျောင်း တစ်ကျောင်းနဲ့ပဲ ဥပမာပြလိုပါတယ်။ အဲသည်ကျောင်းက နယ်မှာဆို ဒီကျောင်းမှ မတက်ရရင် ပညာပဲမတတ်တော့သယောင်ယောင် အထင်ကြီးမှုအများဆုံးခံရတဲ့ ကျောင်းကြီးတစ်ကျောင်းပါ။ ကျောင်းသားဦးရေများသလို၊ ဆရာဦးရေလည်းအတော်လေးများတယ်။
ဒီကျောင်းကို ကျောင်းသားဝင်ဖို့မလွယ်သလို၊ ဒီကျောင်းကို ဆရာတစ်ယောက်အနေနဲ့ ဝင်ဖို့ဆိုတာလည်း အတော်လေး ခက်ပါတယ်။ အရပ်ပြောနဲ့ပြောရရင် ‘ခွင်’ ကျောင်းလိုဖြစ်နေလို့ပါ။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။ ဥပမာ ကျွန်တော်မူလတန်း ပိုင်းလောက်နဲ့ပဲ သရုပ်ဖော်ကြည့်ချင်တယ်။ မူလတန်းမှာ သူငယ်တန်းတင် တစ်တန်း ၈ဝ လောက်နဲ့ ၆ ခန်းရှိတယ်။ မူလတန်းပိုင်းမှာ သင်ကြားနေကြတဲ့ ဆရာတွေကလည်း အားလုံးဘွဲ့ရတွေဆိုပေမယ့် ဒီကျောင်းကိုစရောက်လာပြီးကတည်းက ရာထူးတိုးယူခြင်း၊ နယ်ပြောင်း ခြင်းတွေလုံးဝမလုပ်ကြပဲ ပင်စင်ယူသွားတဲ့အထိ စွဲမြဲစွာတာဝန်ထမ်းဆောင်နေကြသူတွေ ဖြစ်ပါတယ်။
သူတို့ဘာကြောင့် ဒီလိုဖြစ်နေကြရတာလဲ။ ‘‘သူငယ်တန်းတစ်ခန်းမှာ ကျောင်းသား ၈ဝ အနည်းဆုံးရှိတယ်။ တစ်တန်းကို တာဝန်ယူကြရတဲ့ဆရာက အနည်းဆုံး ၃ ဦး။ ဆရာတစ်ယောက်ကို ၂၅ ယောက် လောက် အပိုင်စားယူလိုက်ကြတာ။ အဲဒီ ၂၅ ယောက်ထဲကမှ ၁ဝ ယောက်ပဲ သူ့အိမ်မှာ ကျူရှင်ခေါ်သင်တယ်ထား။ ကျောင်းသားတစ်ယောက်ကို ၅ဝဝဝ ကနေ တစ်သောင်း အထိယူနေကြတာ။ ပြီးတော့ အချို့ဆရာတွေဆိုရင် နှစ်ပေါက်ပေးမှ ကျူရှင်လာအတက်ခံမယ်ဆိုတော့ တစ်ယောက်ကို ၅ဝဝဝ ပဲထား။ ဆယ်လအပြတ်ပေးရမယ်ဆိုရင် ငါးသောင်းပေါ့နော်။ ကျောင်းသားတစ်ယောက်ဆီကနေ ငါးသောင်း။ ကျောင်းသား ဆယ်ယောက်ဆိုတော့ သူ့မှာဝင်ငွေက ဘယ်လောက်ရှိသွားမလဲ စဉ်းစားသာကြည့်။ လုပ်စားနေကြတာဆိုတာထက် လုပ်စားရက် ကြတာလို့ပြောရင်ပိုမှန်လိမ့်မယ်။ သူငယ်တန်းဆိုတာ ကျူရှင်တွေဘာတွေလိုလို့လား။ မိဘတွေက ဒီသဘောနဲ့ထားတာ မဟုတ်ပေမယ့် တစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက် လောက်ကို ဆရာမအိမ်ကို သွားပို့ပေးနေကြရတာပဲ’’ လို့ မိဘတစ်ဦးကရင်ဖွင့်သွားပါတယ်။
‘‘အတန်းတွေထဲမှာကွာ သူ့လူ ငါ့လူရွေးပြီး အပြိုင်အဆိုင်တွေ ဖြစ်လာတယ်။ သူ့ဆီမှာကျူရှင်လာမတက်ရင် ငြိုးတာတွေ၊ ပညာပေးတာတွေအထိ ဖြစ်လာတယ်။ ဆရာအချင်းချင်းလည်း ကျောင်းသားမရလို့ ရန်ဖြစ်တဲ့အထိတွေပါ ဖြစ်လာလို့ ငါ့လက်ထက် တုန်းကတော့ ကျောင်းကဆရာ ဆရာမတွေ ကျူရှင်မပြရေးကို စစ်ဆင်ရေးကြီးတစ်ရပ်လို လုပ်ခဲ့ရတာ။ မလုပ်လို့လည်းမဖြစ်ဘူးကွ။ မင်းစဉ်းစားကြည့် သင်ကြားရေး၊ စည်းကမ်းထိန်းသိမ်းရေး အရမ်းကိုခက်ခဲလာတယ်။ သူ့တပည့် ငါ့တပည့် လူမွေးတာတွေက လည်းဖြစ်လာတယ်။ ပထမ၊ ဒုတိယပေးတာတွေကအစ မရိုးသားတော့ဘူး”
“အဆိုးဆုံးကတော့ မေးခွန်းခေါ်သင်တယ်ဆိုတာပဲ။ နောက်ပြီးရှိသေးတယ် ကျူရှင်တောင်မှ ရိုးရိုးလား ရှယ်လားတဲ့။ ဒီလောက်အထိသောင်းကျန်းလာကြတာ။ ရိုးရိုးက ပြဿနာမရှိစေရ၊ ရန်မရှာ၊ အချိန်တန်အောင်။ ရှယ်ကတော့ ထူးချွန်ထက်မြက်စာမေးပွဲလိုဟာမျိုးတွေ ဝင်ခွင့်ရတဲ့အထိ တာဝန်ယူမယ်ဆိုတာတွေပေါ့။ ငါကတော့ အရေးယူရုံမက အဲဒီဆရာ ဆရာမကို ထုတ်ပစ်ပေးပါဆိုပြီးတော့ကို သက်ဆိုင်ရာအဆင့်ဆင့်အထိ အရေးယူနိုင်ဖို့ လုပ်ခဲ့တယ်’’ လို့ ပင်စင်စား ကျောင်းအုပ်ဆရာကြီးဟောင်း တစ်ဦးကပြောပါတယ်။
‘‘ကျွန်မတို့က တစ်နယ်ကပြောင်းလာတာ။ ဒီကျောင်းမှာပဲနေချင်တယ်ဆိုတော့ မနည်းလုပ်ယူရတယ်။ သူကဒီနှစ်ဆယ်တန်း ဆိုတော့ အရေးကြီးတယ်မဟုတ်လား။ ဒီကျောင်းကလည်း အောင်ချက် ကောင်းတယ်ဆိုပြီး နာမည်ကြီးတာနဲ့ ရအောင်အပ်လိုက်တာပဲ။ သမီးက နှစ်စမှာ ကျောင်းကနေအိမ်ပြန်လာတိုင်းငိုတယ်။ မေးလို့လည်းမရဘူး။ နောက်တော့မှ နေ့တိုင်းလိုလို အရိုက်ခံရတယ်ဆိုတာ သိလာရတယ်။ ဘာကြောင့်လဲ။ စာမရလို့လားဆိုပြီး ကျွန်မတို့ကတော့ သမီးကိုချည်းကြိမ်းမောင်းနေတော့တာ။ နောက် တော့မှ ဆရာ တစ်ယောက်က အကြံပေးတယ်။ အတန်းပိုင်ကို ဘာဖြစ်လို့သွားမအပ်သေးတာလဲတဲ့။ ကျွန်မတို့က ဒီလိုမှန်းမှမသိတာ။ ကျွန်မလည်း အတန်းပိုင်ဆီကို သွားအပ်လိုက်ပါတယ်။ အတန်းပိုင်ဆီတင်မဟုတ်ပါဘူး။ အပ်သင့်အပ်ထိုက်တဲ့နေရာတွေအကုန်လုံး အပ်ပစ်လိုက်တယ်။ နောက်တော့လည်း ဘာပြဿနာမှ မရှိတော့ပါဘူး’’ လို့ မိဘတစ်ဦးကဆိုပါတယ်။
ကျောင်းတွေမှာတက်နေတဲ့ ကျောင်းသားအများစုဟာ ကျောင်းမှာ အချိန်ပြည့်တက်နေကြရရုံတင်မက ခွဲတန်းအလိုက် မတက်ချင်လည်း သွားတက်နေကြရတဲ့ အတန်းတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရပါတယ်။ မြန်မာစာလိုဘာသာရပ်မျိုးဟာ ဂုဏ်ထူးထွက်လိုသူ၊ ထူးချွန်လိုသူကျောင်းသားတွေကလွဲပြီး ဘယ်သူမှ ကျူရှင်ယူချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကြောက်ရမယ့် ဆရာမက မြန်မာစာသင်တယ်ဆိုရင်လည်း မတက်ချင်ချင် တက်ချင်ချင် မြန်မာစာကို သွားတက်ကြရပါသေးတယ်။
ဘာသာရပ်အများစုထဲမှာ လုပ်စားလို့ရတဲ့ဘာသာ၊ လုပ်စားလို့ မရတဲ့ဘာသာဆိုပြီး နှစ်မျိုးရှိပါတယ်။ လုပ်စားလို့ရတဲ့ ဘာသာတွေဆိုတာ ဒီခေတ်မှာတော့ ထိပ်တန်းကရောက်နေတာ အင်္ဂလိပ်နဲ့ သင်္ချာ။ နောက်ကနေပြီး ကပ်လိုက်နေတာက ရူပ၊ ဓာတု၊ ဇီဝဆိုတဲ့ သိပ္ဋံတွဲတွေပါ။ ဒီဘာသာရပ်တွေကို ကျောင်းကြီးတွေမှာ သင်ကြားခွင့်ရဖို့ဆိုတာ အတော်လေး မလွယ်ပါဘူး။ ဒီဘာသာရပ်နဲ့ ဘွဲ့ရတွေကများတဲ့အပြင် ကျွမ်းကျင်စွာသင်ကြားနိုင်တဲ့ ဝါရင့်ဆရာကြီးတွေကို နောက်ပေါက်တွေ တိုးဖို့ဆိုတာ အတော်လေးမလွယ်ဘူး။ ဒီတော့ တစ်ပိုင်စားဆိုတဲ့ အပိုင်စားယူပြီး ဇွတ်အတင်း ကျူရှင်ပေးတာမျိုးတွေ ဖြစ်လာပါတော့တယ်။
‘‘ကျွန်မ ဒီကျောင်းရောက်ဖို့ သိန်းနဲ့ချီပြီးကုန်သွားတယ်။ ဒါပေမယ့် ၆ လအတွင်းပြန်ကျေတယ်။ အဓိကပြန်ရှာရတာကတော့ ကျူရှင်ပေးရတာပေါ့ရှင်’’ လို့ ဆရာမတစ်ယောက်က ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။
ဒီကျောင်းမှာ ဝါရင့်ဆရာမကြီးတွေရဲ့ လေးစားစရာစိတ်ဓာတ်တွေကို ကျွန်တော်မပြောပြရရင် ပြည့်စုံမယ်မထင်ဘူး။ သူတို့က ပထမတော့ ကျောင်းမှာကိုယ်ဖိရင်ဖိ သင်ကြားတတ်ကြတဲ့ ဆရာမကြီးတွေဖြစ်တာကြောင့် ကျောင်းသားအများစုရဲ့ လေးစားခြင်းကိုခံကြရတယ်။ သူတို့လည်း ကိုယ့်မာနနဲ့ကိုယ် ရပ်တည်ကြတာဆိုတော့ ကျူရှင်ဘယ်တော့မှ မသင်ပါဘူး။
ဒီလိုပဲ နှစ်ပေါင်းများစွာ ရပ်တည်လာကြတာ။ နောက်ပိုင်း ပိုတပ်ချင် ပိုတော်ချင်သူတွေက ဆိုင်ရာ ပိုင်ရာ နိုင်ရာတွေကိုင်ပြီး အတင်း အိမ်လာသင်ခိုင်း တော့ သူတို့လည်း နည်းနည်းသင်ပေးရာကနေ များလာတယ်။ ဒီမှာ ကျောင်းအုပ်ကြီးတွေက စည်းကမ်းကွေ နည်းဥပဒေတွေ ဖတ်ပြ၊ လက်မှတ်ထိုးခိုင်းတွေလုပ်လာတော့ ရှက်ရှက်နဲ့ အလုပ်တွေထွက်ပစ်လိုက်ကြတယ်။
အခြေခံကျောင်းတွေမှာ ကျူရှင်သင်ကြားပြီး ညာစားနေကြတဲ့ ဆရာတွေရှိသလို ကျူရှင်မသင်ဘဲ ရိုးရိုးသားသား သင်ကြားပေးနေသူတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော့်ကို ရှေ့ပိုင်းက ဆရာတစ်ဦးဆွေးနွေးသွားသလို ၁ဝဝ မှာ တစ်ယောက်လောက် ဖောက်ပြန်နေကြလို့ ပုပ်စော်နံနေရတာပါလို့ပဲ ဆိုချင်ပါတယ်။ အခြေခံပညာကျောင်းတွေမှာ သင်ကြားနေတဲ့ ဘာသာရပ်တွေဟာ အားလုံးကျူရှင်ပြနိုင်လောက်တဲ့ ဘာသာရပ်တွေမဟုတ်ဘူး။ ဝိဇ္ဇာဘာသာရပ်တွေဆိုရင် ကျူရှင်ပြမယ်ဆိုရင်တောင် သာမန်အတိုင်းဆိုရင် လာတက်ကြမှာ မဟုတ်ဘူး။ ကျက်ဖြေလို့ရတဲ့ဘာသာရပ်တွေဆိုပြီး သတ်မှတ်ထားကြလို့ပါ။
‘‘ကျွန်တော်တို့ အရင်တုန်းကတော့ စားမလောက်လို့ဆိုတဲ့ အကြောင်းကိုပြပြီး ကျူရှင်ထွက်သင်ကြတာ။ ခုလစာတွေ တိုးလာတော့လည်း သူတို့သင်တဲ့သူတွေက သင်ကြတုန်းပဲ။ ကျူရှင်ခတောင်တက်သွားသေးတယ်။ ဒါကတော့ မလောက်လို့ မဟုတ်တော့ဘူး။ သာယာလို့လုပ်နေကြတယ်။ နှစ်ပေါင်းများစွာ သူတို့သက်သက်သာသာနဲ့ ရမှန်းသိလို့ကို လုပ်လာကြတာ။ ကျွန်တော်ကတော့ ဒီထက်ပိုပြီး အရေးယူသင့်ပြီလို့ထင်တယ်’’ လို့ ပညာရေးဌာနမှ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
မရှိတာ မလောက်တာကိုအကြောင်းအမျိုးမျိုးပြပြီး ထွက်ပေါက်ကို ကျောင်းသားတွေဘက်လှည့်ရှာတာကတော့ ခေတ်ကုန် သင့်ပါပြီ။ ဆရာတစ်ဦးဆိုရင် တရာရုံးမှာ အမှုရင်ဆိုင်ရတဲ့အထိ ပြဿနာတွေ ဖြစ်သွားတာရှိပါတယ်။ ကျောင်းသားတစ်ယောက်ကို အိမ်လာစာသင်ပေးမယ်ဆိုပြီး ကြေးသတ်မှတ်ကြပါတယ်။ ရှယ်ဝိုင်းဆိုတော့ နှစ်သောင်းနဲ့ဈေးတည့်ကြတယ်။ ဆယ်လစာ နှစ်သိန်း ကြိုပေးရမယ်ဆိုတော့လည်း မိဘတွေက ပေးကြတယ်။
တကယ်လည်းစာသင်ရော အဲဒီဆရာက လာတစ်ရက်၊ မလာတစ်ရက်။ သည်ကြားထဲ ဟိုအိမ်ကိုလာခဲ့ပါ။ သည်အိမ်ကိုလာခဲ့ပါတွေ ဖြစ်ကုန်ပြန်ရော။ မိဘတွေက ရှယ်ဆိုပြီး ကိုယ့်အိမ်ကိုလာသင်စေ့ချင်လို့ ရှယ်ပေးထားပြီးတော့မှ ဒီလိုဖြစ်တော့ မိဘတွေနဲ့ပြဿနာတက်တယ်။ ဒီဆရာက အခြား လေးငါးအိမ်လည်း ဒီပုံအတိုင်းလုပ်ထားကြောင်း နောက်မှသိလိုက်ကြရတယ်။ မိဘတွေကစုပြီး ဟိုတိုင် သည်တိုင်လုပ်တော့ ပြဿနာတွေ အတော်လေးရှင်းလိုက်ကြရတာဟာ ဘယ်သူ့ရဲ့ ကိုယ်ကျင့်တရားကို လက်ညှိုးထိုးပြီး ကျွန်တော်တို့အပြစ်ဆိုကြမလဲ။
ကျူရှင်တွေရဲ့အနာဂတ်
အနောက်နဲ့ အရှေ့နိုင်ငံအများမှာတော့ ကျူရှင်ကျောင်းတွေဟာ ပုဂ္ဂလိကပိုင်ကျောင်းတွေဖြစ်ပါတယ်။ အရှေ့အာရှမှာ အများဆုံးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှေ့အာရှနိုင်ငံတွေမှာက အရွယ်ရောက်လာတာနဲ့ ပညာရေးဆိုသည်မှာ ဘဝ အတွက် ပန်းတိုင်တစ်ခုအနေနဲ့ လက်ခံထားကြလို့လည်း ဖြစ်ပါတယ်။
ဂျပန်၊ တရုတ် ပြည်မကြီး၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ ဟောင်ကောင်ဒေသတွေမှာ ပညာရေးဆိုတာ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ အပြိုင်အဆိုင်လုပ်ဆောင်နေကြ ရတာကြောင့် ဖြစ်ပါတယ်။ အထက်တန်း ကျောင်းသားတစ်ယောက်ဆိုပြီးဖြစ်လာရင် ပုံမှန်တက်နေတဲ့ ကျောင်းအပြင် Cram school လို့ခေါ်တဲ့ ကျူရှင်ကျောင်းတွေကို တက်ကြရပါလိမ့်မယ်။ အဓိကဘာသာရပ်တွေအဖြစ် သူတို့နိုင်ငံမှာလည်း အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံတွဲတွေကိုပဲ ကျူရှင်ယူကြတာများတယ်။
ကျူရှင်ဆိုတာ ဘာသာရပ်တစ်ခုခုကို အထူးပြုသင်ကြားပေးရာ သင်တန်းကျောင်းလို့လည်း ဆိုကြပါတယ်။ အထက်တန်း သို့မဟုတ် တက္ကသိုလ်ဝင်ခွင့်တွေအတွက် သီးခြားထောင်ထားတဲ့ သင်တန်းတွေလည်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံမှာ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကောလိပ်တွေတက်ဖို့လည်း ဝင်ခွင့်တွေရှိနေလို့ပါ။ ဒါကြောင့် ဆရာတွေက ဝင်ခွင့်အတွက်ကို သီးခြားလေ့ကျင့်သင်ကြားပေးကြရတယ်လို့ ဆိုပါတယ်။ ကိုယ်လိုချင်တဲ့ကျောင်းကိုဝင်ခွင့်မရလို့ ဒီနှစ်မရရင် နောက်နှစ်ပြန်တက် နိုင်အောင် ကျူရှင်ထားကြတာတွေလည်း ရှိပါသေးတယ်။ သူတို့ဆီမှာ ဝင်ခွင့်စာမေးပွဲတစ်ခုကိုအောင်ဖို့ ကျောင်းသားတစ်ယောက်ဟာ တစ်နေ့ကို ၁၈ နာရီလောက်လေ့ကျင့် သင်ကြားကြရတယ်လို့ဆိုပါတယ်။ ပုံမှန်ကျောင်းကိုတက်ပြီးရင် ကျူရှင်တစ်နေ့တက်ချိန်ဟာ သူတို့ဆီမှာ လေးနာရီအနည်းဆုံး ရှိတယ်။
ကျူရှင်ဆိုတာ အချိန်တိုအတွင်း မေးနိုင်တဲ့အကြောင်းအရာများများကို လေ့ကျင့်သင်ကြားနိုင်စေရန် စီစဉ်ပေးခြင်းလို့လည်း လက်ခံကြပါသေးတယ်။ တရုတ်နဲ့ဂျပန်တွေမှာလည်း တွေးခေါ်စဉ်းစားနိုင်တာတွေကို အလေးမပေးဘဲ ကြက်တူရွေးစာအံနည်းအတိုင်း အလွတ်ရွတ်ဆိုနိုင်ရေး ဦးစားပေးသင်ကြားနေကြရတယ်လို့ဆိုပါတယ်။ ထုံးစံအတိုင်း ကျူရှင်တွေနဲ့ပတ်သက်လို့ကတော့ ကလေးတွေကို ဟိုလိုဖြစ်အောင် သင်တယ်။ သည်လိုဖြစ်အောင်လေ့ကျင့်ပေးတယ်ဆိုတဲ့ ဝေဖန်သံတွေကတော့ ညံနေတာပဲ။
ခေတ်သစ် နည်းဟာ အတွေးအခေါ်မပါတဲ့ လက်တွေ့ဆန်သော ပညာပေးနည်းလို့ သတ်မှတ်ကြတာတွေရှိပါတယ်။ အိုင်တီခေတ်ရယ်လို့ဖြစ်လာတော့ ကွန်ပျူတာအထောက်အကူနဲ့ လူတွေ၊ ကလေးတွေ အတော်များများ အသက်သာဆုံးနဲ့ အဆင်အပြေဆုံး နည်းလမ်းတွေကို တွေးလာကြတာတော့ မဆန်းပါဘူး။ အခက်အခဲတွေဆိုတာ ရှိကောင်းရှိပါလိမ့်မယ်။ အခက်အခဲတွေကို အဖြေရှာတာကတစ်ပိုင်း၊ ရလာတဲ့ အဖြေကို အသင့်စားသုံးတာက တစ်ပိုင်းဆိုပြီး ထောက်ပြလာကြပါတယ်။
နည်းပညာခေတ်ကြီးမှာ နည်းပညာဆန်ဆန် ပြဿနာတွေကို ဖြေရှင်းရမယ့်အစား စာရွက်တွေရှေ့ ချပြီး ခေါင်းကုတ်နေမလား၊ ကွန်ပျူတာတစ်လုံးရှေ့ချပေးပြီး လက်တွေ့ဖြေရှင်းခိုင်မလားဆိုတာကလည်း စိန်ခေါ်ချက်တွေဖြစ်လာပါပြီ။
အပြိုင်အဆိုင်ခေတ်နဲ့ သတ်မှတ်ချက်တွေရှိနေသမျှတော့ အခက်အခဲ အတားအဆီးတွေကိုကျော် ဖြတ်နိုင်အောင် နည်းမျိုးစုံနဲ့ အားထုတ်တာတွေရှိကောင်းရှိနိုင်ပါတယ်။ သမာသမတ်နည်း၊ မသမာသောနည်းတွေနဲ့တောင် နည်းမျိုးစုံကျော်ဖြတ်နိုင်ရေး လုပ်ဆောင်ကြပါလိမ့်မယ်။ အခက်အခဲကြီးတစ်ခုလို တားဆီးထားသရွေ့ ကျော်နိုင်အောင်ကြိုးစားမှာ ဓမ္မတာပါ။ ဒီကြားထဲမှာ အမြတ်ထုတ် တာတွေကိုတော့ ဘယ်သူမှ ရှောင်ကွင်းသွားနိုင်ကြမှာမဟုတ်ပါဘူး။ တစ်ခုခုလိုချင်ရင် တစ်ခုခုပေးကြရပါလိမ့်မယ်။ နည်းနည်းပေး ရတာနဲ့ များများပေးရတာပဲ ကွာပါတယ်။
ကျူရှင်တွေနဲ့ပတ်သက်ပြီး ပပျောက်အောင် ဘယ်လိုလုပ်သင့်သလဲလို့ ကျွန်တော်က ပညာရေးဌာန အငြိမ်းစားပညာရှင်ကြီး တစ်ဦးကို သွားမေးကြည့်ပါတယ်။ သူက ကျွန်တော့်ကို ဘာပြန်ပြောသလဲဆိုတော့
‘‘ခင်ဗျားက ဘာကြောင့် ပပျောက်ချင်ရတာလဲ။ အဲဒီကျူရှင်တွေ ရှိနေတာကြောင့်ပဲ ပညာရေးမှာတော်နေ သေးတာလို့ လက်ခံလိုက်စမ်းပါ။ ခင်ဗျားတို့ခေတ်တွေ ကျွန်တော်တို့ ခေတ်တွေတုန်းက ကျုရှင်မရှိဘူးဆိုတာ တော်တဲ့ဆရာ၊ တကယ်တတ်တဲ့ဆရာတွေရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့ကြရလို့။ ခုခေတ်မှာ တော် အောင်လည်းမလုပ်၊ တတ်အောင်လည်းမကြိုးစားပဲ ဝတ်ကျေတန်းကျေတွေက များလာပြီ။ ငါ့လက်က လွတ်ရင်ပြီးရောဆိုပြီး ပုတ်ထုတ်လိုက်တဲ့ ဘောလုံးတွေဟာ တကယ့် direction ပျောက်နေတာ”
“မြောင်းထဲရောက်ချင်ရောက်မယ်၊ သစ်ပင်ပေါ် ရောက်ကောင်းရောက်မယ်။ သူတို့ပုတ်ထုတ်တာမခံဘဲ တနေရာရာကို သွားရကောင်းမှန်းသိနေတာကိုပဲ ကျေးဇူးတင်ရဦးမယ်။ တစ်ခုတော့ရှိတယ် ကျူရှင် တွေပျောက်ချင်သလား။ အတွင်းကျူရှင်ရော အပြင်ကျူရှင်ပါ နှစ်ခုစလုံးပျောက်သွားလိမ့်မယ်။ ပုဂ္ဂလိက ကျောင်းတွေက ထောင်ခွင့်ပေးလိုက်။ ပြိုင်ပါစေ။ ပိုက်ဆံမရှိဘူး။ ကလေးတွေ တက်နိုင်ပါ့မလားလို့မထင်နဲ့။ တက်နိုင်တဲ့သူတွေက ရအောင်တက်ပြီး၊ သင်နိုင်တဲ့သူတွေက တတ်အောင် တော်အောင်သင်ကြလိမ့်မယ်။ ပြိုင်စမ်းပါစေဗျာ။ ဘာဖြစ်လို့ထိန်းချုပ်ထားမလဲ။ သတ္တိရှိရင် နင့်ကျောင်းနဲ့ ငါ့ကျောင်းနဲ့ပြိုင်မလားဆိုပြီး Challenge ခေါ်ကြစမ်းပါစေ။ အပြိုင်အဆိုင်နဲ့ ပိုတော်ပြီး ပိုတတ်လာတာ မကောင်းဘူးလား။ ဘယ်သူ့မှာ နောက်ဆုံးပိုပြီးအကျိုးရှိမလဲ”
“ခင်ဗျားကို ကျွန်တော်တစ်ခု ပြောမယ်။ လိုင်းကားခတွေ ၂ဝ ပေး နေရာကနေ ၅ဝ တွေ ၁ဝဝ တွေဖြစ်သွားတော့ရော လူတွေ ကားတွေမှာလျော့သွားလား။ ပိုတောင် ဆိုးလာသေးတယ်။ ဒီလမ်းကို ဒီကားစီးပြီးမှရောက်ရမှာ။ ဘယ်သူမဆို ၁ဝဝ မရ ရအောင်ရှာမှာပဲ။ ကျွန်တော့်အမြင်တော့ ဝန်ထုပ်ဝန်ပိုးဆိုတာ ထမ်းသင့်မှ ထမ်းရတယ်။ မနိုင်ဝန်မထမ်းနဲ့ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ မနိုင်တာထမ်းထားတော့ ကိုယ်လည်းဝန်ဖြစ်တယ်။ လိုရာလည်း အမြန်မရောက်နိုင်တော့ဘူး’’ လို့ ဖွင့်ဟသွားတာကို အားရပါးရနာကြားလိုက်ရပါတယ်။
ကျူရှင်နဲ့ မိဘအရေး
ကျူရှင်ဆိုတာ သတ်မှတ်ထားတဲ့အခကြေးငွေကို ပေးဆောင်ပြီး သတ်မှတ်ထားတဲ့ဘာသာရပ်ကို၊ သတ်မှတ်ထားတဲ့ နေရာမှာသင်ကြားရတဲ့ ပညာရပ်လို့ဆိုလိုက်ရင် ကျွန်တော်တို့ အခြေခံနဲ့အဆင့်မြင့် ကျောင်းတွေကို အခမဲ့ပညာပေးရာဌာနတွေလို့ ဆိုနိုင် မဆိုနိုင် ပြန်ပြီးလေ့လာသုံးသပ်ရပါတော့မယ်။
အခြေခံကျောင်းတွေမှာ ကျောင်းဝင်ကြေးကို တရားဝင်သတ်မှတ်ချက်တွေက ကျောင်းသားတစ် ယောက်ကို ၂ဝ လား ၃ဝ လားပဲရှိတယ်။ သတ်မှတ်ထားတဲ့နှုန်းထက် ပိုပြီးမကောက်ရလို့ လမ်းညွှန်ချက် တွေလည်း နှစ်စဉ်ထုတ်ပြန်နေတုန်းပဲ။
ဒါပေမယ့် ဒီနှစ်ကျောင်းသွားအပ်တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကို ဘယ်လောက်ကုန်ကျခဲ့သလဲလို့ စပ်စုကြည့်လိုက် တော့ ‘‘ဟုတ်တယ် ကျောင်းဝင်ကြေးကတော့ ၂ဝ လား ၃ဝ လားပဲ။ ပရိဘောဂ ကြေးကောက်တယ်။ အဆောက်အဦးကြေး ကောက်တယ်။ ဘယ်လောက်လို့တော့မပြောဘူး။ ဖလားကြီးတစ်လုံးချထားပြီး စေတနာရှိသလောက်လို့ပြောတယ်။ ဖလားရှေ့မှာက ကျောင်းအုပ်ကြီးနဲ့ ရပ်မိ ရပ်ဖတွေလား ဘာတွေလားမသိဘူး လူကြီးတွေထိုင်နေကြတယ်။ အားနာနာနဲ့ ၅ဝဝဝ ထည့်ခဲ့ရတယ်။ စာအုပ်ဖိုးတွေပါ ထည့်ပေါင်းလိုက်ရင် တစ်သောင်းပျော့ပျော့ပဲ’’ လို့ သူကပြောသွားပါတယ်။
‘‘ကျောင်းဖွင့်ပြီဆိုတာနဲ့ ကျောင်းအပ်ဖို့ တစ်ယောက်ဆိုရင် တစ်သောင်း၊ နှစ်ယောက်ဆိုရင် နှစ် သောင်းလောက် နွေကတည်းက ရှာထားရတယ်။ တစ်နွေလုံးလည်း နောက်နှစ်တက်မယ့်အတန်းက အတန်းပိုင်ဆီမှာဖြစ်ဖြစ် ဘာသာရပ်ဆရာဆီမှာဖြစ်ဖြစ် ကျူရှင်သွားထားရသေးတယ်။ တစ်နွေလုံး နောက် နှစ်တက်မယ့်အတန်းအတွက် စာကြိုသင်နေတာ။ နွေသုံးလဆိုရင် အနည်းဆုံး တစ်ယောက် တစ်သောင်း လောက်ကုန်တယ်။ ကျောင်းတွေဖွင့်ပြန်တော့လည်း အဲဒီစာကိုပဲ ထပ်ပြီးတော့ တစ်ပတ်နှစ်ရက် ကျူရှင် ထပ်တက်ရသေးတယ်။ အဲဒါက တစ်လ ၃ဝဝဝ ပေးရတယ်။ ဒီစာတွေကိုပဲ၊ နွေမိုးဆောင်း ဥတုသုံးလီသင် နေလို့ မွှတ်နေအောင် ဖြစ်နေပြီလားလို့ ပြန်သုံးသပ်ကြည့်လိုက်တော့လည်း စာမရလို့ဆိုပြီး အပြစ်ပေးခံရတာတွေ၊ အရိုက်ခံရတာတွေရှိသေးတယ်။ သူတို့ မှတ်စုနဲ့ လေ့ကျင့်ခန်းစာအုပ်တွေယူကြည့်လိုက်တိုင်းလည်း အမှားမကင်းသေးဘူး။ ဒီတော့ ဘာတွေကို ဘယ်လိုသင်ပြီး ဘာကြောင့် နှစ်လုံးပေါက်နေကြတာလဲဆိုတာ စဉ်းစားသာကြည့်ပေတော့ဗျာ’’ လို့ ရင်ထုမနာသံကြီးနဲ့ပြောနေတဲ့ မိဘတစ်ဦးရဲ့ စကားသံကို ကျွန်တော်လည်း အတော်လေးခံစားလိုက်ရပါတယ်။
ကျူရှင်ဆိုတာ မထားရင်မဖြစ်ဘူးလားဆိုတဲ့ မေးခွန်းကိုတော့ ‘‘မဖြစ်ဘူးရှင့်။ မထားရင် ပြဿနာတွေ အများကြီးရှိတယ်။ ကလေးတွေကိုယ်တိုင်ကိုက တစ်တန်းလုံး ဟိုလူကကျူရှင်၊ သည်လူကကျူရှင်ဆိုတဲ့ကြားမှာ ငါလည်းကျူရှင်မယူလိုက်ရင်ဆိုတဲ့ သိမ်ငယ်စိတ်ကို ကြံ့ကြံ့ခံနိုင်လောက်အောင် မရင့်ကျက်ကြသေးဘူး။ ကျောင်းဖွင့်ပြီဆိုလိုက်တာနဲ့ သူတို့ကို တစ်ခုခုခိုင်းဖို့ လုံးဝ စိတ်မကူးနဲ့တော့။ မိုးလင်း မိုးချုပ် ဟိုကျူရှင် သည်ကျူရှင်နဲ့ အလုပ်ကိုရှုပ်နေတာပဲ။
“အိမ်ကလည်း ယောက်ျားလေးတွေဆိုရင် အကြောင်းမဟုတ်ဘူး။ သူ့ချည်းလွှတ်လိုက်လို့ရတယ်။ မိန်းကလေးဆိုရင် ပို့ရ ကြိုရတဲ့ ဒုက္ခတွေက ရှိသေးတယ်။ နောက်တစ်ချက်က သူတို့အတန်းတွေထဲမှာကလည်း ကျူရှင်မတက်ရင် ပြဿနာရှာချင်တာတွေကရှိသေးတယ်။ ဒီတော့ ကျွန်မတို့က သူတို့အဆင်ပြေပြေ ရှိရေး သူတို့ဖာသာသူတို့ သွားတက်နေတာကိုပဲ ကျေးဇူးတင်နေရသေးတယ်။ ရှာရတာတစ်မျိုး၊ သူတို့ကိစ္စ ပြေးရတာတစ်မျိုးတော့ မခံစားနိုင်ဘူးရှင်’’ လို့ နောက် တစ်ယောက်က ပြောရှာပါတယ်။
ကလေးတွေရဲ့အနာဂတ်ကို အဖြေရှာကြည့်ခြင်း
ကျွန်တော်တို့ဟာ ကိုယ်သားသမီးတိုင်း ကောင်းစားဖို့အတွက် လှုပ်ရှားရုန်းကန်လာကြရသလို ကျွန် တော်တို့မိဘတွေကလည်း ကျွန်တော်တို့အတွက် ဒီလိုပဲလှုပ်ရှားရုန်းကန်ပေးလာကြရပါတယ်။ အနာဂတ်လက်ဆင့်ကမ်းခြင်းလို့ဆိုဆို တစ်ခါတစ်လေ ကျွန်တော် တို့ရဲ့ ဆန္ဒတွေဟာ သူတို့ရဲ့ဘဝတွေနဲ့ တစ်ထပ်တည်းဖြစ်နိုင်ပါ့မလားလို့ ကျွန်တော်တို့စဉ်းစားရပါလိမ့်မယ်။
ကျွန်တော်တို့ ကလေးတွေကို ကျွန်တော်တို့ဖြစ်ချင်စိတ်တွေကြီးပြီး တွန်းအားတွေပေးနေတိုင်း ကလေးတွေမှာ ဘယ်လောက်စိတ်ဖိစီးမှုတွေ သောကတွေ ဖြစ်နေရပြီဆိုတာ သတိပြုမိပါရဲ့လား။ ကလေးတွေသောကဖိစီးမှုတွေဖြစ် မဖြစ်ဆိုတာ ကျွန် တော်တို့ အောက်ပါမေးခွန်းလေးတွေ ဖြေကြည့်ရင်ကောင်းပါလိမ့်မယ်။ ဒီမေးခွန်းတွေဟာ နိုင်ငံခြားမဂ္ဂဇင်းတစ်ခုကနေ ဘာသာပြန်ပြီး ဖော်ပြလိုက်တာပါ။
ကလေးတွေ စိတ်ဖိစီးမှုအတော်လေးများနေပြီလား။ သူတို့စိတ်ဖိစီးမှုဟာ ကျောင်းကြောင့်လား၊ အိမ်စာတွေများလို့လား၊ အပိုဘာသာရပ်တွေ များနေလို့လား။ ဒါမှမဟုတ် မိဘတွေရဲ့သောကနဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေကပဲ သူတို့အတွက် မနိုင်ဝန် ထမ်းနေရသလိုဖြစ်နေတာလား။ ဒီမေးခွန်းတွေကိုပြုစုထားသူကတော့ ဟောင်ကောင်တရုတ်တက္ကသိုလ် စိတ်ပညာဌာနက ပါမောက္ခ ကက်သရင်းမက်ဘရစ်ချန်း ဖြစ်ပါတယ်။ (က) (ခ) (ဂ) ဆိုတဲ့ နေရာလေးတွေဘေးမှာ ကိုယ့်ယူဆချက်ကို အမှတ်အသား ပေးနိုင်ပါတယ်။ မိဘတွေကိုယ်တိုင်ဖြေကြည့်ဖို့ပါ။
၁။ သင့်ကလေးနေ့တိုင်း နားချိန်ရှိသလား
(က) မကြာခဏ
(ခ) တစ်ခါတစ်ရံ
(ဂ) မရှိ
၂။ အချိန်ပိုကျောင်းစာတွေလုပ်နေရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သင့်ကလေးနဲ့သင် မကြာခဏပြဿနာတက်တတ်သလား
(က) မရှိ
(ခ) တစ်ခါတစ်ရံ
(ဂ) မကြာခဏ
၃။ ကလေးကိုချစ်တယ်ဆိုတာ ကျောင်းနေပျော်ပြီး စာတော်နေတာကြောင့်လား
(က) မဟုတ်
(ခ) ဟုတ်သလိုလို
(ဂ) ဟုတ်တယ်
၎။ သင့်ကလေးက အကောင်းဆုံးကြိုးစားနေရဲ့သားနဲ့ အဆင့်နိမ့်သွားတာတို့ အမှတ်နည်းသွားတာတို့ဖြစ်သွားရင် စိတ်ပျက်သွားသလိုမျိုး ပြုမူပြောဆိုပြတတ်သလား
(က) မလုပ်
(ခ) တစ်ခါတစ်ရံ
(ဂ) မကြာမကြာ
၅။ ပညာရေးကို အဓိကကျလို့သင်ကြားပေးနေရတယ်ဆိုတာထက် အခြေအနေကြောင့် သင်နေရတာဆိုတာမျိုးဖြစ်ဖူးသလား
(က) မဖြစ်ဘူးပါ
(ခ) ဖြစ်သလိုလို
(ဂ) ဖြစ်တယ်
၆။ ကျောင်းဆင်းချိန်မှာ ကလေးတွေကို ကိုယ့်စိတ်သဘောနဲ့ မကိုက်ညီဘူးဆိုတာတောင် လုပ်ချင်တိုင်း လုပ်ခွင့်ပြုသလား
(က) မကြာခဏ
(ခ) တစ်ခါတစ်ရံ
(ဂ) မရှိ
၇။ သင့်ကလေးဟာ ကျောင်းမှာရှုံးနိမ့်မှုတွေဖြစ်လာရင် သာမန်ထက်ပိုပြီး စိတ်ခံစားမှုတွေပြတတ်သလား
(က) မပြ
(ခ) တစ်ခါတစ်ရံ
(ဂ) မကြာခဏ
၈။ သင့်ကလေးဟာ သင်နဲ့ဆက်ဆံပြောဆိုရမှာကို စိတ်မဝင်စားဘူးလား ခါတိုင်းထက်ပိုပြီး ရှက် ကြောက် နေတတ်သလား
(က) မရှိ
(ခ) ရှိသလိုလို
(ဂ) ရှိ
၉။ သင့်ကလေး ခေါင်းကိုက်သလို၊ အိပ်မပျော်သလို၊ စိတ်ဆိုးဒေါသထွက်သလို၊ ဗိုက်နာနေသလိုမျိုး တွေကို အကြောင်းမရှိ အကြောင်းရှာပြီး ပြတတ်သလား
(က) မပြ
(ခ) တစ်ခါတစ်ရံ
(ဂ) မကြာခဏ
၁ဝ။ သင့်ကလေးရဲ့ ကျောင်းမှာလုပ်ဆောင်ပြနေတဲ့ လုပ်ဆောင်ချက် ရလဒ် (အဆင့်၊ အမှတ်) တွေအပြင် သူ့ရဲ့
စိတ်အခြေအနေတွေကိုပါ စောင့်ကြည့်လေ့လာဖူးသလား
(က) ကြည့်တယ်
(ခ) တစ်ခါတစ်ရံ
(ဂ) မကြည့်
ပေးမှတ်ကိုဆန်းစစ်ခြင်း
ကျွန်တော်ဖော်ပြထားတဲ့ အမှတ်စာရင်းမှာ ၁ဝ ပုဒ်ပေးထားပြီး တစ်ပုဒ်ကို အမှတ်ခြစ်စရာ ၃ ခုပေးထားတယ်။ အမှတ်ခြစ်တာ အခြေအနေအရ တစ်ခုတည်းဖြစ်နိုင်သလို နှစ်ခု သို့မဟုတ် သုံးခုလည်း ဖြစ် နိုင်ပါတယ်။ တစ်ခုခြစ်မိတိုင်း တစ်မှတ်တွက်ရင် ရမှတ်တွေကို ဒီလိုပိုင်းဖြတ်ကြည့်လို့ရမယ်ထင်ပါတယ်။ သူ့ထဲမှာ အတိအကျ ဘယ်လို အမှတ်ယူတယ်ဆိုတာမပါဘူး။ ကျွန်တော့် ယူဆချက်ပါ။
၂၃ မှ ၃ဝ
စိတ်အေးအေးထားပါ။ သင့်ကလေးရမှာ စိတ်ဖိစီးမှုဖြစ်ကိုဖြစ်နေပြီ။ လှုပ်ရှားမှုတွေနဲ့ အလေ့အထ တွေကို လေ့လာဆန်းစစ် ဖို့တော့ လိုလိမ့်မယ်။ လိုအပ်ရင် ကိုယ်ဖြစ်ချင်တာတွေကိုလည်း ပြောသင့်ပြောရလိမ့်မယ်။ ပြင်ပေးသင့်တာလေးတွေကို ပြင်ပေးရမယ်။ အိမ်မှာ ဖိအားတွေများနေရင် လျှော့ပေးရမယ်။ အထူးသဖြင့်တော့ စာမေးပွဲကာလတွေမှာ ဖိအားသိပ်မပေးမိအောင် သတိထားရမယ်။ သူ့ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စိတ်ခံစားမှုတွေ လျှော့ပါးသွားအောင် လုပ်ပေးသင့်တယ်။
၁၆ မှ ၂၂
သတိထားရလိမ့်မယ်။ သင့်ကလေးဟာ အလွန်အမင်း စိတ်ဖိစီးနေတဲ့ သဘောတော့မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးပြီး ကုစားလို့ရသေးတယ်။ မိဘဆိုတာ ဖြစ်လာတဲ့ပြဿနာမှန်သမျှကို အဖြေရှာပေးနိုင်သူဆိုတာ သူတို့ကို သိအောင်လုပ်မှ ဖြစ်တော့မယ်။ သူတို့စိတ်ပျော်ရွှင်စေရေး ပြောလာသမျှနားထောင်ပြီး လုပ်ပေးသင့်တာ လုပ်ပေးလိုက်ပါ။ ကိုယ်ဖြစ်ချင်တာတွေကို သိပ်ပြီး ဦးစားမပေးပါနဲ့။
၁ဝ မှ ၁၅
ပြဿနာသိပ်မရှိနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အခက်အခဲတွေဖြစ်လာတိုင်း သားသမီးနဲ့မိဘ ပူးပေါင်းပြီး ပြဿနာကို အဖြေရှာတတ်အောင် လုပ်ဆောင်ကြဖို့တော့ လိုလိမ့်မယ်။ သူ့အမြင်နဲ့ယူဆချက်ကိုလည်းလေးစားပေးပါ။ အဖေနဲ့အမေဆိုတာ အမြဲမှန်နေတယ်ဆိုတာမျိုးကိုတော့ သူတို့ကိုရိုက်မသွင်းပါနဲ့။
ကျွန်တော်ဟာ ကျောင်းဆရာဟောင်းတစ်ယောက်ပါ။ ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့တာကြောင့် ယခုလို သတင်းသမားဘ၀နဲ့၊ စာရေးစားနေရချိန်မှာ ဆရာ၊ မိဘ၊ ကျောင်းသား သုံးဘက်မြင်ကြည့်နိုင် အောင် ကြိုးစားရပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ စနစ်နဲ့ခေတ်ထဲမှာ လှုပ်ရှားနေကြရတဲ့ စနစ်ရဲ့သားကောင်၊ ခေတ်ရဲ့သားကောင်တွေလို့ပြောရင်လည်း မမှားပါဘူး။ စနစ်နဲ့ခေတ်က အကောင် အထည်ဖော်ခိုင်းတဲ့အတိုင်း စိတ်ထဲကပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စားဝတ်နေရေးနဲ့ ဘ၀ရပ်တည်ရေး တွေအတွက် လှုပ်ရှားခဲ့ကြရတာလည်း ရှိကောင်းရှိနိုင်ပါတယ်။
အထူုးသဖြင့်ကျောင်းဆရာလောကဟာ မြန်မာ့အစဉ်အလာမှာ ဘုရားနဲ့တစ်ဂိုဏ်းတည်းထားပြီး တော့တောင် အရိုအသေ အလေးအမြတ်ပြုခဲ့ကြတာ အထင်အရှားရှိခဲ့ပါတယ်။ ဆရာဆိုတဲ့လောကကို ပျက်စီးအောင် ဖျက်ဆီးခဲ့တာ ဆရာကိုယ်တိုင်ရဲ့ အခြေခံကိုယ်ကျင့်တရား အားနည်းခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဆိုတဲ့ဘ၀ကို ခံယူလိုက်တယ်ဆိုတာဟာ အခြား ၀န်ထမ်းဘ၀ကို ခံယူလိုက် တာမျိုးနဲ့ လုံးဝမတူပါဘူး။ သူတို့မှာ အထူးစောင့်ထိန်းအပ်တဲ့ ကိုယ်ကျင့်တရား၊ သိက္ခာတွေကို စောင့်ထိန်းဖို့ ကိုပါ တာဝန်ယူထားကြရတယ်။
လူအများကို မိုးခါးရေမသောက်ရလို့ အမိန့်ထုတ်ပြီး၊ မိုးခါးရေသောက်တာကို အရေးမယူဘူး။ လစ်လျူရှုထားတယ်။ မိုးခါးရေသောက်တဲ့သူတွေများလာပြီး ပျော်ရွှင်ချမ်းသာနေတာကို မသောက်ဘူးလို့ တင်းခံထားတဲ့သူတွေကလည်း ကြာလာတော့ သံသယဖြစ်လာတယ်။ မိုးခါးရေက သောက်ပြီးရင်လည်း ဖြတ်လို့မရတော့ဘူး ဆက်သောက်ချင်လို့ သောက်နေကြတယ်။ မသောက်သူတွေကို မသောက်ဘဲမနေရ အောင်လည်း တွန်းအားပေးတာတွေက ရှိနေတယ်။ ဒီလိုခေတ်၊ စနစ်ကြားမှာ ဆရာဖြစ်နေရတဲ့သူတွေ အနေနဲ့ ဆူးကြားက ဗူးခါးသီးလိုဖြစ်နေမယ်ဆိုတာလည်း တွေးကြည့်ရင်သိနိုင်ပါလိမ့်မယ်။
စနစ်တစ်ခုက အတင်းတွန်းပို့နေလို့ ရေစီးကြောင်းထဲကို မြောပါလာတဲ့ စရိုက်တွေ၊ အမှိုက်တွေက တော့ တလိမ့်လိမ့် စီးဆင်းရင်းလာနေပါပြီ။ ကျွန်တော်ဒီနေရာမှာ အငြိမ်းစားဆရာကြီးတစ်ယောက်ရဲ့ ပြောစကားကို ပြန်ပြီး ကြားယောင်နေပါတော့တယ်။
"ဟေ့ တို့ဆရာတွေရဲ့ဘ၀ဟာ တစ်ချိန်တုန်းက အိမ်ဦးခန်း ဘုရားစင်ပေါ်မှာကွ၊ ခုတော့ လမ်းဘေးမြောင်းထဲရောက်သွားပြီ" လို့ရင်နာနာပြောလိုက်တဲ့ စကားပါ။ ကျွန်တော်တို့ကို မြောင်းထဲရောက်အောင် ဘယ်သူတွေကတွန်းပို့ခဲ့သလဲ၊ ဒါမှမဟုတ် ခုန်ချခဲ့ကြတာလား ပြန်စဉ်းစားကြည့်ကြရအောင်ပါ။

- Scholarship လို့ခေါ်တဲ့ ပညာသင်ဆုရတဲ့ငွေနဲ့ပေးခြင်း
- တက္ကသိုလ်ကောလိပ်က ပညာသင်ဆုရငွေနဲ့ပေးခြင်း
- ထောက်ပံ့ကြေးတစ်ခုခုမှရငွေနဲ့ပေးခြင်း
- မိဘထောက်ပံ့ငွေနဲ့ပေးခြင်း
- ကိုယ်ပိုင်စုငွေနဲ့ပေးခြင်း
- အစိုးရချေးငွေမှပေးခြင်း
- တက္ကသိုလ်ကောလိပ်ချေးငွေမှပေးခြင်း
- ပညာသင်ထောက်ပံ့ကြေးထူထောင်ရံပုံငွေမှပေးခြင်း
- ကုမ္ပဏီထောက်ပံ့ကြေးမှပေးခြင်း

- ကိုယ်ပိုင်သင်တန်းကျောင်းတစ်ခုဟာ
- အများဆုံးဘာသာရပ် ၂ ခုသာ သင်ကြားခွင့်ရှိတယ်
- နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ သင်ရိုးအတိုင်းကုန်အောင် သင်ကြားပေးရမယ်
- တစ်နေ့ အများဆုံး ၂ ကြိမ်သာသင်ကြားရမယ်
- သင်တန်းခွဲတစ်ခုမှာ အများဆုံးသင်တန်းသား ၄ဝ ပဲရှိရမယ်
- ဘာသာရပ် တစ်ခုကိုသင်ကြားသည်ဖြစ်စေ နှစ်ခုကို သင်ကြားသည်ဖြစ်စေ၊ တစ်နေ့ တစ်ကြိမ်သင်သင်၊ နှစ်ကြိမ်သင်သင် သင်တန်းစာရင်းသွင်းလက်ခံသင်ကြားတဲ့ ကျောင်းသားဦးရေ စုစုပေါင်းဟာ ၁၆ဝ ထက်မပိုရဘူးလို့ ဆိုထားပါတယ်။

တင်ညွန့် 
Ref;Mukkha
No comments:
Post a Comment